မိထက်/People’s Spring
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျီကုန်းကျေးရွာတံတားဂိတ်စခန်းအား ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ၁၆ဦးသေဆုံးပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့က ပြောသည်။
စစ်ကောင်စီနှင့်ပျူစောထီးများ ကပ်စွဲထားသည့်အဆိုပါ ကင်းစခန်းကို ယမန်နေ့ ဇူလိုင် ၂၄ ရက် ညနေ ၃ နာရီခွဲတွင် စီးနင်းတိုက်ခိုက်ခဲ့ခြင်းဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement
” တိုက်ပွဲမှာ ၁၃ယောက်သေပြီး ထွက်ပြေးတဲ့သူတွေကိုလိုက်ရှင်းတာ စုစုပေါင်း၁၆ယောက်သေတယ်။ သေနတ်တွေလည်းရတယ်”ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
တိုက်ပွဲအပြီး၌ စခန်းအားမီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။
MA1သေနတ် တစ်လက်၊ G3 သေနတ် သုံးလက်၊ပြောင်းချော သေနတ် တစ်လက်၊ ကာဘိုင် သေနတ် ၁၀ လက်၊ ၇၉ မမ တစ်လက်နှင့် ခဲယမ်းအချို့ကို ပြည်သူ့ကာကွယ်ရေးရဲဘော်များကသိမ်းဆည်းရရှိခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုအား ဗိုလ်ပိုင်ချဲ(ကန့်ဘလူခရိုင်အထူးလှုပ်ရှားတပ်ရင်း)နှင့် JH (KU) ပူးပေါင်းအဖွဲ့ မှတို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ကန့်ဘလူမြို့တွင် ပျူစောထီးဘုန်းကြီး ဝါသဝအဖွဲ့က ဒေသခံများခြိမ်းခြောက်၍ ပြည်သူ့စစ် အဖွဲ့ဖွဲ့စည်းထားသည်။
ထို့ကြောင့် ဒေသတွင်းရှိပြည်သူ့စစ်များ၊ ပျူစောထီးများအနေဖြင့် ကာကွယ်ရေးတပ်ဖွဲ့များနှင့် လာရောက်ပူးပေါင်းရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။
