စောနွေဦး/People’s Spring
ပြည်တွင်း၌ ဆန်ဈေးကြီးပြီး ဆန်ရောင်းဝယ်သူများကို ဖမ်းဆီးခြိမ်းခြောက်နေသော်လည်း စစ်ကောင်စီက ပြည်ပသို့ ဆန်တင်ပို့မှုကိုမူ တိုးပို့နေကြောင်း ဆန်စပါးလုပ်ငန်းရှင်များထံမှသိရသည်။
စစ်ကောင်စီမှ စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သည့်ကုမ္ပဏီ ၄၄ ခုကို ပြီးခဲ့သည့် ဇွန်လအတွင်း ပြည်ပနိုင်ငံ ၂၁ ခုသို့ ဆန်တန်ချိန် ၁၆၀,၀၀၀ ကျော်ကို တင်ပို့ပြီး စစ်ကောင်စီအတွက် နိုင်ငံခြားငွေ ဒေါ်လာ သန်း ၈၀ကျော်ရှာဖွေပေးခဲ့သည်ဟု စစ်ကောင်စီလက်အောက်ခံ မြန်မာနျုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းချုပ်က ထုတ်ပြန်သည်။
ဇွန်လတွင် ပြည်တွင်း၌ ဆန်ကြမ်းတအိတ်ကို ကျပ် ၇၅၀၀၀ မှ ကျပ် တစ်သိန်းခန့်ရှိနေသည်။ စစ်ကောင်စီက ရိက္ခာဖြတ်ထားသည့် နေရာများတွင် ဆန်တအိတ်ကို ကျပ် ၃ သိန်း
ခန့်ပေါက်ဈေးရှိနေသည်။ ထိုအပြင် ပြည်တွင်း၌ ဆန်ရောင်းချသူများကို ဈေးတင်ရောင်းချသည်ဆိုကာ City Mart အပါအဝင် ဆန်ရောင်းချသူများ ၊ဆန်းစပါးအသင်းချုပ်မှ လုပ်ငန်းရှင်များအပါအဝင် ဆန်ပြည်ပတင်ပို့သူများကို ဖမ်းဆီး တရားစွဲဆိုပြီး ခြိမ်းခြောက်ထားချိန်တွင် စစ်ကောင်စီက ပြည်ပသို့ဆန်တင်ပို့မှု တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
စစ်ကောင်စီသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်(၂၀၂၄ဧပြီ ၁ ရက်မှ ၂၀၂၅ မတ် ၃၁ အထိ့) ၏ ပထမ သုံး လအတွင်း ပြည်ပသို့ ဆန်တန်ချိန် ၃သိန်းခွဲခန့်ကို တင်ပို့ခဲ့ပြီး နိုင်ငံခြားငွေ ဒေါ်လာသန်း ၁၇၅ သန်းကျော်ရရှိထားသည်။ ထိုပမာဏသည့်ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူ နှင့် နှိုင်းယှဉ်ပါက ဆန်တန်ချိန် တစ်သိန်းကျော်ပိုမိုတင်ပိုခဲ့ခြင်းဖြစ်သည်။ထိုကာလသည် ပြည်တွင်း၌ ဆန်စပါးပိုရှားပါးလားပြီး ငွေကြေးဖောင်းပွမှုကြောင့် ဈေးတက်နေချိန်ဖြစ်သည်။
“ပြည်ပတင်ပို့တာ ၂၀၂၃ နိုဝင်ဘာကတည်းကမြင့်တက်လာတာ။ ဒီဘဏ္ဍာအစကပြန်ကျသွားပေမယ့် အခု ဇွန်မှာ ထပ်မြင့်တက်လာတယ်။ ဆန်ကို ပြည်ပကို ပိုပြီးပို့နိုင်အောင်လုပ်နေကြတယ်”ဟု ဆန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။
စစ်ကောင်စီက ဆန်တင်ပို့မှုကို အရှိန်မြင့်တင်နေသော်လည်း ပြည်တွင်း၌ ပြည်သူများမှာ စစ်ကောင်စီသတ်မှတ်နှုန်းအတိုင်း၊ပမာဏအတိုင်္ ဆန်ဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေရသည်။
ထိုပြင် စစ်ကောင်စီက တရုတ်နိုင်ငံကို ဆန်တင်ပို့ရန် ကုမ္ပဏီများ စိတ်ဝင်စားမှုအဆိုပြုလွှာတင်သွင်းရန် ဇူလှိုင်၉ ရက်မှစ၍ ဖိတ်ခေါ်နေသည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၂၃-၂၄တွင် စစ်ကောင်စီက ပြည်ပနိုင်ငံများကို ဆန်တန်ချိန် ၁ ဒသမ ၆၈သန်းတင်ပို့ခဲ့ပြီး နိုင်ငံခြားငွေ ဒေါ်လာသန်း ၈၅၀ခန့်ရရှိခဲ့သည်။ ယခညဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်းတိုက်ပွဲများကြောင့် ဆန်စပါးစိုက်ပျိုးမှု လျော့ကျသော်လည်း စစ်ကောင်စီက ဆန်တန်ချိန် နှစ်သန်းတင်ပို့ရန် စီစဥ်နေသည်။
