အင်ကြင်း/People’s Spring
မန္တလေးတိုင်း၊ မြင်းခြံမြို့အထွက် မြင်းခြံ – တောင်သာလမ်းပိုင်းရှိ တိုးဂိတ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရမှုအတွင်းစစ်အုပ်စုဝင်များ ထိခိုက်သေဆုံးမှာရှိကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ဇူလိုင် ၁၇ရက်တွင် သတင်းထုတ်ပြန်သည်။

ဇူလိုင် ၉ရက်က တောင်သာမြို့နယ်၊ တောင်ရှေ့ တိုးဂိတ်တွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်သားများ နှင့်ရဲများအား ဒေသကာကွယ်ရေးအဖွဲ့များက လက်နက်ကြီး လက်နက်ငယ်များ၊ ဒရုန်းများဖြင့် သွားရောက်တိုက်ခိုက်ခဲ့သည်။

Public Service Announcement
တိုက်ပွဲမှာ ၂နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သားနှင့် ရဲအများအပြား ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ဆိုသည်။
” စခန်းကလည်း သိမ်းနိုင်တော့မယ်အနေအထားရောက်ရှိသွားတယ်။ ဒါပေမယ့် ထိခိုက်မှုလေးတွေ အနည်းအပါးရှိတယ်။ မဟာမိတ်အဖွဲ့ကကော၊ ကျွန်တော်တို့အဖွဲ့ကကော။ ရန်သူ့စစ်ကူက မြို့နဲ့သိပ်မဝေးတော့ကျတော့ ချက်ချင်းလာတဲ့အတွက် အချိန်မရတာလည်းတပိုင်းပါပါတယ်။”ဟု မြင်းခြံခရိုင် အမှတ်(၉)တပ်ရင်း Mingyan Black Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။
အလားတူ မြင်းခြံမြို့မှ စစ်ကူလာသော စစ်ကြောင်းများကိုလည်း ဖြတ်တောက်ရေးအဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင်အချို့သေဆုံးကြောင်း ဒေသကာကွယ်ရေးရဲဘော်များက ပြောသည်။

အဆိုပါ စစ်ဆင်ရေးများအား မြင်းခြံခရိုင်ဒရုန်းတပ်ဖွဲ့အမှတ်(၁၈၄၈) တပ်ဖွဲ့၊ မြင်းခြံခရိုင်အမှတ်(၁)၊အမှတ်(၂)၊ အမှတ်(၄)၊ အမှတ် (၈)၊ အမှတ် (၉)အစရှိသည့် တပ်ရင်းများနှင့် တောင်သာ၊ မြင်းခြံ၊ မလှိုင်၊ နွားထိုးကြီး အစရှိသည့်မြို့နယ်ပကဖများ၊ ဗိုလ်စားပျောက်ကြားတပ်ဖွဲ့နှင့် စွန်ရဲပျောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုနေ့ကပင် တောင်သာမြို့အထွက် မြေဖြူကုန်းရွာနှင့် မိုးနှောင်းကင်းရွာကြား ကားလမ်းပိုင်းတွင် စစ်ကောင်စီ၏ ထောက်ပို့ယာဥ်တစ်စ်ီးအား တိုက်ခိုက်ရာ တပ်မ(၉၉)လက်အောက်ခံ မြင်းခြံခမရ(၁၅)မှ ဒုအရာခံဗိုလ်များ၊တပ်ကြပ်ကြီးများ၊ဒုတပ်ကြပ်များအပါ စစ်သုံ့ပန်း ၁၁ဦး၊စစ် သူနာပြု တစ်ဦး၊အရာရှိကတော် တစ်ဦး စုစုပေါင်း ၁၄ဦးတို့အား လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းက ထုတ်ပြန်ထားသည်။
