စစ်တပ်စခန်းသိမ်းခြင်းနှင့် DSA တိုက်ခိုက်မှုမှာပြည်သူများအတွက်နှစ်သစ်ကူးလက်ဆောင်ဟု အသိပေး
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် သရက်ကုန်းရွာအခြေစိုက် စစ်ကောင်စီစခန်းကို ယမန်နေ့(ဧပြီ ၁၅)က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်အထိနာခဲ့ပြီး အလောင်း ၂၀ကျော်နှင့် လက်နက်မျိုးစုံ ၄၀ကျော်သိမ်းပိုက်ရရှိခဲ့ဟု မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်(MDY-PDF)က သတင်းထုတ်ပြန်သည်။
“တိုက်ပွဲကတော့ တော်တော်ပြင်းထန်ခဲ့တယ်။ တစ်နေကုန် ကြာခဲ့တယ်။လေကြောင်းတိုက်ခိုက်မှုလဲ (၅)ကြိမ်ရှိခဲ့တယ်။ ကျွန်တော်တို့က စစ်ကူစစ်ကြောင်းတွေကိုပါ ဖြတ်တောက်တိုက်ခိုက်လိုက်နိုင်တယ်။ ရန်သူဘက်ကတော့ ထိခိုက်မှုတော်တော်များနိုင်ပါတယ်။သိမ်းဆည်းရမိတဲ့အလောင်းကိုက (၂၁)လောင်း ရှိပါတယ်”ဟုပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး ပြောခွင့်ရပုဂ္ဂိုလ် ကိုအော်စမွန်ကပြောသည်။

ဧပြီ ၁၅ရက် နံနက်တွင် သရက်ကုန်းကျေးရွာရှိ စစ်ကောင်စီစခန်းအား ထိုးစစ်ဆင်ခဲ့ရာ ညနေပိုင်း၌ အပြီးသတ်သိမ်းပိုက်ရရှိခဲ့သည်။ သရက်ကုန်းတိုက်ပွဲအတွင်း ရန်သူ့ဘက်သို့စစ်ကူလာသော စစ်ကူစစ်ကြောင်း နှစ်ကြောင်းအား ထပ်မံပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ အထိအခိုက် အကျအဆုံးများစွာဖြင့် ဆုတ်ခွာသွားခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement
သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။


သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းမှတ်တမ်းဓာတ်ပုံများကိုလည်း ထုတ်ပြန်ပြသခဲ့သည်။
တိုက်ပွဲအတွင်း သေဆုံးစစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်းပုံများအား People’s Spring၏တယ်လီဂရမ်ချန်နယ်တွင် https://t.me/PeopleSpring/39729?single ကြည့်ရှု့နိုင်ပါသည်။
တိုက်ပွဲအတွင်း မန္တလေး PDFဘက်က ထိခိုက် ကျဆုံးရှိခဲ့သည်ဟုလည်း အသိပေးသည်။
စစ်ကောင်စီတပ်များသည် သာသနိက အဆောက်အအုံများနှင့် စာသင်ကျောင်းများတွင် တပ်စွဲထားသည်ကိုလည်း ဓာတ်ပုံမှတ်တမ်းများနှင့်အတူ အသိပေးထားသည်။
စစ်ကောင်စီတပ်သည် သရက်ကုန်းကျေးရွာတွင်လည်း သာသနာ့နယ်မြေဖြစ်သော စေတီပေါ်နှင့်စာသင်ကျောင်းတွင် အခိုင်အမာတပ်စွဲခံစစ်ပြင်ထားခြင်းဖြစ်သည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲမှာ ပြည်သူထံသို့ နှစ်သစ်ကူးလက်အောင်အဖြစ် ပေးပို့လိုက်ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ရန်သူ့၏ အသဲနှလုံးမြို့တော် ပြင်ဦးလွင် စစ်တက္ကသိုလ် ကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းမှာလည်း နှစ်သစ်ကူးလက်ဆောင်ဖြစ်ကြောင်း မန္တလေး PDFက ထုတ်ပြန်သည်။

ဧပြီ ၁၄ရက်ညပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)သည် ပြင်ဦးလွင်မြို့ရှိ DSA ကျောင်းအား ရှော့တိုက်ဒုံးအလုံး(၂၀)ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ DSA ကျောင်းဝင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ရန်သူ့၏ထိခိုက်မှုအခြေအနေများကိုလည်း စုံစမ်းလျက်ရှိသည်ဟု ဖော်ပြသည်။
ရှော့တိုက်ဒုံးပစ်ခတ်မှုအပြီးတွင် ရန်သူ့ဘက်မှလက်နက်ကြီးများဖြင့် တရစပ်ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း စစ်ဆင်ရေးဆောင်ရွက်သည့် တပ်ဖွဲ့ဝင်များအားလုံး အထိအခိုက်မရှိ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း အသိပေးထားသည်။
ယမန်နေ့နံနက် ၄နာရီကစ၍ တိုက်ပွဲဖြစ်ရာ နံနက် ၁၁နာရီခန့်အထိ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု နောင်ချိုမြို့ ဒေသခံက ပြောသည်။
” တိုက်ပွဲကတော်တော်လေး ပြင်းတယ်။ ကိုယ့်ဘက်က အခြေနေကောင်းတယ်လို့ ပြောတယ်”ဟု ၎င်းက ဆက်ပြောသည်။
တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။
ထို့အပြင် ယမန်နေ့နံနက်တွင် ဘန့်ဘွေးကျေးရွာရှိ စစ်ကောင်စီတပ်ကလည်း အဆိုပါနေရာသို့ စစ်ကူသွားရာ တော်လှန်ရေးရဲဘော်များက ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု လူထုနွေဦးက စုံစမ်းသိရှိသည်။
ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းကလည်း ပြင်ဦးလွင်နှင့် နောင်ချိုမြို့နယ်စပ်ရှိ ကျောက်မဲလေးကျေးရွာ၌လည်း တအာင်းတပ်(TNLA)၊မန္တလေး PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့သည်။ အခုတိုက်ပွဲဖြစ်ပွားနေသော သရက်ကုန်းကျေးရွာသည် အဆိုပါ ကျောက်မဲလေးကျေးရွာ အနီးတွင် တည်ရှိသည်။
