▪︎တော်လှန်ရေးလှိုင်းတစ်လှိုင်း ၊ ၁၀၂၇ ဒုတိယလှိုင်း လာပြီဟုတော်လှန်ရေးအင်အားစုများပြော
ဇော်ရမ်း ၊ဒီပ /People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ နောင်ချိုမြို့အနီးပတ်ဝန်းကျင်နှင့် ပြည်ထောင်စုလမ်းမပေါ်၌ ယနေ့(ဇွန်လ ၂၅ရက်) နံနက်ပိုင်း တိုက်ပွဲပြင်းထန်စွာပြန်လည်ဖြစ်ပွားပြီးနောက် ကျောက်မဲမြို့ပေါ်တွင် လူအသွားအလာမရှိတော့ဘဲ တိတ်ဆိတ်နေသည်။
“မနက်၇နာရီမှစပြီးနောင်ချို့မြို့ပတ်ဝန်းကျန် ၊ကျောက်မဲ မြို့ပတ်ဝန်းကျင် ၊ သီပေါမြို့ ပတ်ဝန်းကျင် ၊မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့စကစပစ်ခတ်မှုတွေဖြစ်နေပါပြီ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဇွန် ၂၄ ရက်ညတွင် မန္တလေးတိုင်း၊ပြင်ဦးလွင်ခရိုင်ရှိ မိုးကုတ်မြို့တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး ဇွန် ၂၅ ရက်မနက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့အချို့တွင်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။

Public Service Announcement
မြို့ အနီးဝန်းကျင် ဒေသများတွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး ၊စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်းဒေသခံအချို့ကပြောသည်။
▪︎သီပေါ
သီပေါမြို့တွင် လမ်းသွားလမ်းလာမရှိတော့ဘဲ ခြောက်ကပ်နေပြီး စစ်ကောင်စီဝန်ထမ်းများမှာလည်း ယနေ့မနက် ယူနီဖောင်းမဝတ်ကြတော့ကြောင်းဒေသခံများကပြောသည်။
သီပေါမြို့ နှင့် အနီးဝန်းကျင်ကျေးရွာများရှိ ပြည်သူများစစ်ဘေးရှောင်နေကြပြီဖြစ်ကြောင်းဒေသခံအချို့ကပြောသည်။
“ကားရှိသူတွေလည်းထွက်ပြေးကြတာရှိသလို ၊မပြေးနိုင်သူတွေလည်းရှိနေပါတယ်။ သီပေါပြည်သူလူထုအနေနဲ့စကစရဲ့မမြင်မကန်းပစ်တတ်တဲ့ဟောင်ဝစ်ဇာ နဲ့ ၆၀မမ ၁၂၀မမ ၊လေယာဥ်ပျံစတာတွေအတွက်ပူပန်ကြောက်ရွံ့နေရပါတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။
သီပေါမြို့ ပြင်တွင် စစ်ကောင်စီတပ်၏ ခမရ (၅၀၃) ၊ ခမရ (၅၀၄ ) ၊ ခလရ (၂၃ ) ရှိပြီး မြို့တွင်းနေရာအချို့ ၌ စစ်ကောင်စီတပ်က တပ်စွဲထားသည်။
၁၀၂၇စစ်ဆင်ရေးအတွင်း ပျက်စီးသွားခဲ့ပြီး ယာယီပြန်တည်ဆောက်နေသည့် သီပေါမြို့ရှိ ဒုတ္ထဝတီမြစ်ကူး ကျင်သီတံတားလည်း ယနေ့နံနက်ပိုင်း၌ ထပ်မံပျက်စီးသွားပြီဟု ဒေသခံများကပြောသည်။

▪︎ကျောက်မဲ
ယနေ့နံနက် ကျောက်မဲမြို့ တိုက်ပွဲသည် မန္တလေး- မူဆယ်ပြည်ထောင်စုလမ်းမပေါ်ရှိ စခန်းသာနှင့် ကျောက်မဲမြို့ဘိုးဘွားရိပ်သာအနီး တောင်နောက်ရွာ၌ စစ်ကောင်စီစစ်ကြောင်းရောက်ရှိလာ၍ TNLA၊PDFပူးပေါင်းတပ်ဖွဲ့နှင့် ဖြစ်ပွားခြင်းဟု ဒေသခံများကပြောသည်။
” စစ်တပ်ကရှေ့တိုးလာတော့ တိုက်ပွဲဖြစ်မှာကိုကြိုသိကြတယ်။ ဒါပေမဲ့အခုကအရမ်းမြန်နေတယ်။ ရှေ့ဆက်ပြီးတော့ ချကြတော့မယ်” ဟု မြို့ခံတဦးကပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်ကျောက်မဲခရိုင်တပ်ရင်းကလည်း မြို့နယ်အတွင်း တိုက်ပွဲစတင်ဖြစ်ပွားပြီဟု ယနေ့နံနက် သတိပေးထားသည်။
မြို့ခံများသည် ဘေးလွတ်ရာသို့တိမ်းရှောင်နိုင်ရေး ပြင်ဆင်နေကြသည်။ ပြည်ထောင်စုလမ်းမပေါ်တွင်သွားလာနေသော ခရီးသွားများ လုံခြုံရေးသတိပြုကြရန် ကျောက်မဲမြို့ခံများကသတိပေးသည်။ လက်ရှိတွင် ကျောက်မဲမြို့အဝင်အထွက်လမ်းကို စစ်ကောင်စီကပိတ်ထားကြောင်းဒေသခံများကပြောသည်။
▪︎နောင်ချို
နောင်ချို့မြို့နယ်တွင်လည်း တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား ယနေ့မနက်မှ စ၍ တိုက်ပွဲဖြစ်ပွားနေသည်။
နောင်ချို မြို့ နယ်ရှိ အုမ္မတီလမ်းခွဲ ၊ ကျောက်ကြမ်း စသောနေရာများတွင်တိုက်ပွဲဖြစ်ပွားနေကြောင်းသိရပြီး သတင်းအသေးစိပ်ကိုမူ မသိရသေးပေ။

▪︎မိုးကုတ်
မိုးကုတ်မြို့ အနီးဝန်းကျင်တွင် ဇွန် ၂၄ ရက်ညမှ စ၍ တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ် အပြင်းအထန်တိုက်ပွဲဖြစ်ခဲ့ကြောင်း ဒေသခံများကပြောသည်။
“မြို့ပြင်ကို ပစ်တာပေမယ့် မီးပွားတွေ မြို့လယ်အင်းထဲလောက်ကိုတော့ဖွာကျသွားတာတွေ့လိုက်တယ်သတိတော့ထားကျပါ”ဟု ဒေသခံပြည်သူတစ်ဦးကအချင်းချင်းသတိပေးထားသည်။
“အသံတွေ ကြားနေရတယ်အကျယ်ကြီးပဲ။ ကြောက်လိုက်တာ”ဟုဒေသခံတစ်ဦးက ဒေသခံများစုဖွဲ့သတင်းဖလှယ်သောဂရုတစ်ခုတွင်ပြောထားသည်။
” မိုးကုတ်မှာ ပြင်းအားကြီးတဲ့အသံတွေ ကြားနေရတယ်။
မြို့လယ် အင်းထဲထိ မီးပွါးတွေထိုးကျသွားတယ်ကြားတယ်။
အသိသတိနဲ့ နားစွင့်ပြီးနေကြပါ။လိုအပ်တာတွေကို ထုပ်ပိုးထားပါ ၊အဆင်သင့်ပြင်ထားပါ၊လိုအပ်လာရင် အချင်းချင်းဝိုင်းကူပေးကြပါ ။ပြည်သူတွေမှာ ပြည်သူတွေရှိတယ်
မိုးကုတ်သား/သူ တွေက အမြဲ စည်းလုံးပါတယ်
အရမ်းလဲ ကူညီတတ်တယ်”ဟု ဒေသခံတစ်ဦးကလည်းပြည်သူအချင်းချင်းစည်းလုံးကူညီကြရန်ရေးသားထားသည်။
မိုးကုတ်တိုက်ပွဲဖြစ်ပွားမှုအခြေအနေနောက်ဆက်တွဲကို People’s Spring ကစုံစမ်းနေဆဲဖြစ်ပါသည်။
မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမပေါ်သို့ရောက်ရှိနေသည်ကားများ ရောက်ရာနေရာ၌ရပ်တန့်ထားကြရန် ဒေသခံများကပြည်သူ အချင်းချင်း သတိပေးနေသည်။
“ရှမ်း/မြောက် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် သီပေါ မှ နောင်ချို အထိ ခရီးသွားယာဉ်များ ရောက်တဲ့နေရာမှာရပ်နားထားကြပါရန်”ဟုဒေသခံပြည်သူတစ်ဦးကလည်း ဖေစ်ဘွခ်မှတစ်ဆင့် ပြည်သူများသို့အသိပေးထားသည်။

▪︎မတ္တရာ
မတ္တရာမြို့နယ်တွင်လည်း အနည်းဆုံးနေရာသုံးခုတွင် တိုက်ပွဲများဖြစ်ပွားနေကြောင်းဒေသခံအချို့ကပြောသည်။သို့သော်လည်း တိုက်ပွဲအခြေအနေအသေးစိပ်ကိုမူစမသိရသေးပေ။
▪︎နောက်တစ်လှိုင်းလာပြီ
“ရှမ်းမြောက်နဲ့ ပြင်ဦးလွင် ခရိုင် နေရာအနှံအပြားမှာ တိုက်ပွဲကြီးများစ ။နောက်တလှိုင်းလာချေပြီ ။တစ်လှိုင်းပြီးတလှိုင်းလာမယ်”ဟု သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းက ယနေ့မနက်တွင်ရေးသားထားသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၂၀၂၃ အောက်တိုဘာ ၂၇ ရက်တွင် ညီနောင်မဟာမိတ် သုံးဖွဲ့နှင့် တော်လှန်ရေးတပ်ပေါင်းစုစတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးမှာ စခန်းပေါင်းရာချီ မြို့ပေါင်း တစ်ဒါဇင်ကျော်သိမ်းယူပြီးနောက် တရုတ်ကြားဝင်မှူဖြင့် ကြောင့် ၂၀၂၄ ဇန်နဝါရီ ၁၁ ရက်မှစ၍ ဟိုင်ဂင်သဘောတူညီမှုဖြင့် ရပ်နားသွားခဲ့သည်။ ထိုသို့ရပ်နားပြီး ၅ လကျော်အကြာတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ တော်လှန်ရေးအဖွဲ့များ၏ ထိုးစစ်ပြန်လည်စတင်လာခြင်းဖြစ်သည်။
တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးကလည်း ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းပြန်စပြီ ဖြစ်ကြောင်းရေးသားအသိပေးထားသည်။
(မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖော် နှင့် မန္တလေး PDFတပ်ဖွဲ့ဝင်များ / ကျောက်မဲမြို့ ဇွန် ၂၅ ရက်မနက်မြင်ကွင်း။ဓါတ်ပုံ-AA ၊ MDY-PDF ၊ CJ)
