-ဇော်ရမ်း/People’s Spring
ကသာမြို့နယ်၊ မိုးတားကျေးရွာအုပ်စု ဂျပန်ကျွန်းတွင် ယမန်နေ့(မေလ ၅ရက်) ညနေပိုင်းက မိုးကြိုးပစ်သောကြောင့် အမျိုးသားတစ်ဦး နှင့် နွားလေးကောင် သေဆုံးခဲ့သည်။
“လယ်ကွင်းထဲက အပြန်မှာ မိုးကြိုးအပစ်ခံရတာ။ နေရာမှာတင်သေဆုံးသွားကြတာ။ ကျတော်တို့ NUG အစိုးရက ထောက်ပံ့ကြေးပေးမယ်လို့ ကြားရပါတယ်” ဟု မိုးတားရွာမှဒေသခံတစ်ဦးကပြောသည်။
မေလ ၅ ရက်က တနေကုန် နေပူပြီး ညနေပိုင်းတွင် ရုတ်တရက်မိုးခြိမ်းကာ မိုးကြိုးပစ်ခြင်းဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement
“သတိပေးချက်တွေ ထုတ်ထားပါတယ်။ ဒီလိုကာလက လေပြင်းနဲ့ မိုးကြိုးဘေး တော်တော်ကိုကြီးနေတယ်။ အညာတကြောလုံးပဲ” ဟု ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။
မေလဆန်းမှစတင်၍ ဒေသအများစု၌ လေပြင်းတိုက်ခတ်ခြင်း၊ မိုသက်လေပြင်းကျခြင်းနှင့် မိုးကြိုးပစ်ခြင်း၊လေဆင်နှာမောင်းတိုက်ခတ်ခြင်းများမကြာခဏ ဖြစ်ပွားနေသည်။
မေလ ၁ရက် နှင့် မေလ၂ရက်နေ့များကလည်း ရှမ်းပြည်နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့၊ နမ္မတူမြို့၊ကချင်ပြည်နယ် မိုးကောင်း နှင့် မိုးညှင်းမြို့၊မန္တလေးတိုင်းရှိ သပိတ်ကျင်းမြို့၊ စစ်ကိုင်းတိုင်းရှိ ယင်းမာပင်၊ဆားလင်းကြီး၊ မုံရွာ၊ ဒီပဲယင်းမြို့နယ်တို့၌ လေပြင်းတိုက်ခက်ခြင်း၊ မိုးသက်လေပြင်းကျခြင်း ၊ မိုးကြိုးပစ်ခြင်း စသည်တို့ကြောင့် ဒေသခံများ၏နေအိမ်များ ပျက်စီးမှုရှိခဲ့သည်။ သပိတ်ကျင်းမြို့တွင် မေလ ၂ရက်က မိုးကြိုးထိမှန်၍ လူသုံးဦးသေဆုံးပြီး ၁၄ဦး ဒဏ်ရာရခဲ့သည်။
မိုးကောင်းမြို့နယ်တွင် လည်း မေ ၂ ရက်ညနေပိုင်းကမိုးကြိုးပစ်သောကြောင့် နွား၂၂ကောင်သေဆုံးခဲ့ကြေညင်းဒေသခံများကပြောသည်။
တအာင်းဒေသ၊ နမ္မတူမြို့နယ်တွင် မေလ ၁ ရက်နံနက်၁၀ နာရီကျော်တွင် လေဆင်နှမောင်း တိုက်ခတ်သောကြောင့် နေအိမ်(၈၀) ကျော် ပျက်စီးခဲ့ရသည်။ မိုးရွာသွန်းပြီး လေဆင်နှာမောင်း (၁၅)မိနစ်ခန့်ကြာ တိုက်ခတ်မှုကြောင့်နမ္မတူ ရပ်ကွက်အတွင်းရှိ နေအိမ်များ၊ ဘုန်းကြီးကျောင်းနှင့် ဘာသာရေး အဆောက်အဦးများ စုစုပေါင်း (၈၀)ကျော် ပျက်စီးခဲ့သည်ဟု သတ္တုတွင်းရပ်ကွက် နေထိုင်သူတစ်ဦးက ပြောကြောင်း TNLA ကထုတ်ပြန်သည်။
မိုးဦးကာလတွင် မိုးတိမ်တောင်ရာသီဥတု ကြောင့်စိုက်ဆင်းလေးပြင်းတိုက်ခတ်ခြင်း၊ မိုးသက်လေပြင်းကျခြင်း၊မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေကျခြင်း၊လေပြင်းနှင့်လေဆင်နှာမောင်းတိုက်ခတ်ခြင်းစသောအစွန်းရောက်ရာသီဥတုများကြုံရတက်ကြောင်းမိုးလေဝသပညာရှင်များကသတိပေးထားသည်။အထူးသဖြင့် ညနေပိုင်းအချိန်များတွင်ဖြစ်သည်။
ယခုနွေရာသီတွင် မြန်မာအပါအဝင် အာရှနိုင်ငံအများစုတွင် အယ်လ်နီညို ရာသီဥတုကြောင့် အပူဒဏ်ပြင်းစွာကြုံရပြီးအစွန်းရောက်ရာသီဥတုဒဏ်ခံနေရသည်။
ကသာမြို့နယ်တွင် လတ်တလော၌ မြေပြင်တိုက်ပွဲမရှိသော်လည်းစစ်ကောင်စီတပ်က ဧပြီလ ၂၆ရက်နေ့လယ်တွင်မြိုင်သာယာရွာစာသင်ကျောင်းကိုပေါင် ၅၀၀ ဗုံးကြဲချခဲ့သည်။ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ အရပ်သား သုံးဦးဒဏ်ရာရခဲ့ပြီး စာသင်ကျောင်းအပါအဝင်နေအိမ်ရှစ်လုံးပျက်စီးသွားခဲ့သည်။
