ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ပျူစောထီးကျေးရွာနှင့် ကိုင်းတောမရဲစခန်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား သုံးဦးနှင့် ပျူစောထီးတစ်ဦးသေဆုံးကြောင်း သတင်းရရှိသည်။
ယမန်နေ့ (ဧပြီ ၂၆ရက်) နံနက် ၈နာရီ ၄၅ မိနစ်ခန့်က မြိုင်မြို့နယ်၊သရက်ကန် ပျူစောထီးကျေးရွာမှ ထွက်လာသော စစ်ကောင်စီတပ်နှင့်ပျူစောထီးများအား ရိုင်ဖယ်သမားရဲဘော်များက ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီးတစ်ဦး ဦးခေါင်းကျည်ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးကြောင်း မြိုင်ပကဖခေါင်းဆောင် ဗိုလ်လက်ယျာက ပြောသည်။
“စစ်သားနဲ့ပျူ ခြောက်ဦး နွားကျောင်းထွက်လာတာ။ ပျူတစ်ကောင်တော့ကြွသွားတယ်။ ကျန်တဲ့ကောင်တွေက အကုန်ထွက်ပြေးကုန်တာ”ဟု ဗိုလ်လက်ယျာက ပြောသည်။

Public Service Announcement
၎င်းထံမှ လက်နက်ပါလာခြင်းမရှိ၍ ဓားမြှောင်နှင့်လက်လုပ်လက်ပစ်ဗုံးသာ သိမ်းဆည်းရမိကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း(၁)၊ တပ်ခွဲ – ၁၊ တပ်ခွဲ – ၂(ဂဠုန်)၊ TYK ပျောက်ကြားတပ်ဖွဲ့၊ မုန်တိုင်းတပ်ဖွဲ့၊Myaing Warriors၊MRDFနှင့် အလင်းတန်းပြောက်ကျားတပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အလားတူ ယမန်နေ့ နံနက်၉နာရီခန့်က မြိုင်မြို့နယ်၊ ကိုင်းတောမရဲစခန်းနှင့် ရေစက်အတွင်းမှ ရိက္ခာရှာထွက်လာသော အင်အား၂၀ခန့်ပါ စစ်ကောင်စီတပ်သားများအား လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Earthquake People’s Defence Force အဖွဲ့က ထုတ်ပြန်သည်။
မီတာ၂၀အကွာအဝေးမှ အနီးကပ်ပစ်ခတ်နိုင်ခဲ့ပြီး စစ်သား သုံးဦး ပွဲချင်းပြီးသေဆုံးကြောင်း၊ ထို့အပြင် ပြန်ဆုတ်ပြေးသွားသောစစ်သားများကို မိုင်းထပ်ဆွဲကာတိုက်ခိုက်ခဲ့ရာ စစ်သား ခုနစ်ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟုEarthquake People’s Defence Force အဖွဲ့က ဆိုသည်။
ထုတ်ပြန်ချက်နှင့်ပတ်သက်၍ Earthquake People’s Defence Force အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
အဆိုပါ စစ်ဆင်ရေးကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ (Young Force UG)၊ Pakokku People’s Defence Force၊ Earthquake People’s Defence Force၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ (Thu Rain TR)၊ Pakokku Ranger၊ Pakokku Hunter၊ မြိုင်ပကဖ တပ်ရင်း၁ တပ်ခွဲ၄ စကြာ်တပ်ဖွဲ့၊ မြိုင်မြို့နယ်အခြေစိုက်စုဖွဲ့မှုတပ်ရင်းတပ်ဖွဲ့၊ TYK ပျောက်ကြားတပ်ဖွဲ့၊ မြိုင်ပကဖတပ်ရင်း(၁)ခွဲ(၁)၊ ခွဲ(၂)နှင့် မုန်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။
