-ကျော်ဇော/People’s Spring
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ရှေ့တန်းစခန်းတစ်ခုကို KNLA၊ PDF ပူးပေါင်းတပ်များက မေ ၅နံနက်ပိုင်းကစတင်ပြီး စီးနင်းတိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း ပါဝင်တိုက်ခိုက်လျှက်ရှိသော တော် လှန်ရေးတပ်ဖွဲ့များက လူထုနွေဦးသို့ ပြော သည်။
မေ ၅နံနက် ၅ နာရီကျော်ကစပြီး သ ရက်ချောင်းနယ်၊ မြိတ်-ထားဝယ်ကားလမ်းဘေး ပဲဒက်ရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ကရင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း ၂၇၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ထားဝယ်ခရိုင် တပ်ရင်း ၁၊ တပ်ရင်း ၂၊ ဒေါနစစ်ကြောင်း၊ DGRF၊ DDT၊ ဒေါင်းညီ နောင်စစ်ကြောင်း စသည့် ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“နံနက် ၅ နာရီက စတယ်ဗျ။ တစ်နေကုန်ပဲ။ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်။ စကစဘက်က မနက်ပိုင်းတစ်ကြိမ်နဲ့ နေ့လယ် ၁၂ နာရီနဲ့ ၁ နာရီကြားလောက်မှာ လေယာဥ်နဲ့လာပစ်သွားတယ်” ဟုတိုက်ခိုက်မှုတွင်ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
ပဲဒက်ကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းသည် ကမ်းရိုးတန်းစစ်ဌာနချုပ်လက်အောက်ခံ အမှတ် ၂၈၀ ခေလျင်တပ်ရင်း (ခလရ-၂၈၀) နှင့် ပျူစောထီးအဖွဲ့ပူးပေါင်းတပ်စွဲထားသည့် စခန်းကုန်းတစ်ခုဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်မှ စခန်းသိမ်းနိုင်ပြီးဟု သတင်းများထွက်ပေါ်နေသော် လည်း လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။
“ခြေနေတော့ သေချာမသိရသေးဘူးဗျ။ (စစ်ကောင်စီတပ်စခန်း)သိမ်းတော့ မသိမ်းနိုင်သေးဘူး”ဟု မြေပြင် တော်လှန်ရေးရဲဘော်တစ်ဦးက ယမန်နေ့(မေ ၅)ညပိုင်းတွင် လူထုနွေဦးမှ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
နှစ်ဖက်တိုက်ပွဲများ နှင့် စစ်ကောင်စီဘက်မှ လေ ကြောင်းပစ်ခတ်မှုများကြောင့် ပဲဒက်ကျေးရွာအပါအဝင် အနီးဝန်းကျင်ကျေးရွာများဖြစ်သော တံခွန်တိုင်၊ ပိတောက်ကြီး၊ ကျောက်ဆည် စသည့်ကျေးရွာများရှိ ဒေသခံများပြည်သူအများအပြား ဘေးလွတ်ရာထွက် ပြေးနေကြရကြောင်း စုံစမ်းသိရသည်။
အထက်ပါ သရက်ချောင်းနယ်၊ ပဲဒက်ကျေး ရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းကုန်းကို ယခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သွား ရောက်တိုက်ခိုက်ခဲ့ဖူးသည်။
