ထားမြတ်၊ရဲခေါင်/People’s Spring
ကရင်နီပြည်နယ် ဖားဆောင်းမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စီးကို ကရင်နီပူးပေါင်းတပ်ဖွဲ့က ယနေ့(မေလ ၆ရက်) နံနက်တွင် ပစ်ချနိုင်ခဲ့ကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“စက်နဲ့ ပေါက်လာတယ်တဲ့။ သေချာပြီတဲ့။ အဲဒီမှာ ဖုန်းလိုင်းမရဘူး။ စက်ကြီးနဲ့ ဆက်သွယ်တာ သေချာတယ်တဲ့။ နေရာက ဖားဆောင်းမြို့နယ်ထဲမှာပဲ။ ပွန်ချောင်းက ဘောလခဲကနေ ဆင်းလာပြီးမှ ဖားဆောင်းမဝင်ခင်မှာ ထူးချောင်းနဲ့ သွားဆုံတယ်။ ထူးချောင်းနဲ့ ပွန်ချောင်းနဲ့ ပေါင်းပြီး သံလွင်ထဲ ဝင်တာ အဲဒီထဲမှာ”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ပွန်ချောင်းအတိုင်း ဖားဆောင်းမြို့သို့လာသည့် ရဟတ်ယာဥ်တစ်စီးကို ရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ – KNPLF)ဗျူဟာ(၁)မှ နံနက် ၁၁နာရီခွဲတွင် ပစ်ချခဲ့ခြင်းဟု People’s Spring၏ သတင်းရင်းမြစ်တစ်ဦးကလည်း ပြောသည်။

Public Service Announcement
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူကလည်း “ဟုတ်ပါတယ်။ဒီနေ့ ၁၁ နာရီ ခွဲလောက်မှာ ဖားဆောင်းဘက်ကိုလာတဲ့ စစ်ကောင်စီရဟတ်ယာဥ်ကို ပစ်ချနိုင်ခဲ့တာပါ”ဟု ပြောသည်။
ရဟတ်ယာဉ်ပျက်ကျအောင် ပစ်ချနိုင်မှု အခြေအနေကို ညနေပိုင်းတွင် အချက်အလက်များ ပိုမိုရရှိနိုင်သည်ဟုလည်း ပြောပြသည်။
“သူတို့(စစ်ကောင်စီ ရဟတ်ယာဉ်)က အောက်ဖက်သွားတာက အခုက ဖာဆောင်းမြို့သိမ်းနေတာ။ အဲဒီဘက်ကို သွားတာဆိုတော့ သွားပစ်တာဖြစ်မယ်။ သူတို့ ရိက္ခာတွေ လက်နက်ခဲယမ်းတွေ ချပေးတာဖြစ်မှာပေါ့။ ကျနော်တို့ သိရတာက တိုက်ခိုက်ရေးလာတယ်။ သူတို့ ရိက္ခာတွေက စုထားတာကြာပြီ”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
၂၀၂၃ ဇွန် ၃၀ရက်ကလည်း စစ်ကောင်စီ၏ K-8W တိုက်လေယာဥ်တစ်စီးကို ပစ်ချခဲ့ပြီး ကရင်နီပြည်နယ် ဘောလခဲမြို့နယ် ရွာသစ်မြို့နယ်ခွဲနှင့် တစ်မိုင်ခွဲခန့်အကွာ သံလွင်မြစ်ကမ်းဘေးတွင် ပျက်ကျခဲ့ကြောင်း ကလလတအဖွဲ့က ပြောထားသည်။
အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီ၏ တိုက်လေယာဥ်မှူး ဗိုလ်ကြီး သော်ဇင်နှင့် ဗိုလ်အောင်ကျော်ဖြိုးသေဆုံးခဲ့ကြောင်း ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး KNPLF က ထုတ်ပြန်ခဲ့သည်။
ထို့အတူ ကရင်နီပြည်နယ်၏ ယမန်နှစ် နိုဝင်ဘာ ၁၁ ရက်က၁၁၁၁ စစ်ဆင်ရေးစတင်ပြီးနောက် သုံးရက်အကြာတွင် စစ်ကောင်စီ၏ တိုက်လေယာဥ်တစ်စီးကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ပစ်ချနိုင်ခဲ့ဖူးသည်။
အဆိုပါ တိုက်လေယာဥ်မှူးဖြစ်သည့် အသက် ၄၃ နှစ်အရွယ် ဗိုလ်မှူးခိုင်သန့်မိုးကို ကရင်နီတပ်ပေါင်းစုက ဖမ်းမိထားပြီး ဥပဒေကြောင်းအရ အရေးယူနေကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အသိပေးထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတော်လှန်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တဲ့ စစ်ကောင်စီ တိုက်လေယာဥ် ၊ရဟတ်ယာဥ် ၇ စီးရှိပြီဖြစ်သည်။ KIA တစ်ဖွဲ့တည်းက ၃ စီးပစ်ချထားခြင်းဖြစ်သည်။ ယခုရဟတ်ယာဥ် ပျက်ကျပါက တော်လှန်ရေးအဖွဲ့များကပစ်ချမိုင်ခဲ့သော ၈ စီးမြောက် ဖြစ်မည်ဖြစ်ပြီး ကရင်နီပူးပေါင်းတပ်ပစ်ချသော ၃ စီးမြောက်ဖြစ်မည်ဖြစ်သည်။
