▪︎စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းနေအိမ်ပေါင်း ၈၈,၀၀၀ကျော်ကိုမီးရှို့ဖျက်ဆီး
အောင်ဇေယျ/People’s Spring
စစ်ကောင်စီတပ်ကဧပြီလအတွင်း မီးရှို့ဖျက်ဆီးမှုကြောင့် ရခိုင်၊ မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့ရှိ နေအိမ်ပေါင်း လေးထောင်နီးပါး မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း Data for Myanmar အဖွဲ့က ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဧပြီလအတွင်း၌ပင် နေအိမ်ပေါင်း ၃,၉၆၀ လုံး မီးရှို့ဖျက်ဆီးခံရပြီး ထိုဖြစ်စဥ်များတွင် ရခိုင်ပြည်၊ ဘူးသီးတောင်မြို့ရှိ နေအိမ် ၁၅၀၀ လုံး၊ မန္တလေးတိုင်းရှိ နေအိမ် ၁၂၂၀ လုံး၊ စစ်ကိုင်းတိုင်းရှိ နေအိမ် ၉၉၇ လုံးနှင့် မကွေးတိုင်းရှိ နေအိမ် ၂၂၉ လုံးပါဝင်ကြောင်း Data for Myanmar အဖွဲ့က အသိပေးသည်။

“ရခိုင်ပြည်၊ ဘူးသီးတောင်မြို့ပေါ်က နေအိမ်ပေါင်း ၂၀၀၀ ကနေ ၃၀၀၀ အတွင်း မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကနေ သိရပါတယ်။အနီးစပ်ဆုံး ခန့်မှန်းထားတဲ့ အရေအတွက်ကိုသာ ထည့်သွင်းထားပြီး အတည်ပြုနိုင်တဲ့ အရေအတွက်ရရှိတဲ့အခါ update ပြုလုပ်သွားမှာဖြစ်ပါတယ်။”ဟု Data for Myanmar က ဖော်ပြထားသည်။

Public Service Announcement
မြေပြင်သတင်းအချက်အလက်အရမူ ထိုစာရင်းထက်ပိုများနေပြီး မန္တလေးတိုင်းတွင် မြင်းခြံနယ်၌ အများဆုံး မီးရှို့ဖျက်ဆီးခံရကာ ကျေးရွာပေါင်း ၆ ရွာထက်မနည်းရှိ အိမ်ခြေပေါင်း ၁၅၀၀ ကျော် မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီထံမှ သိရသည်။ အလားတူ မတ္တရာမြို့နယ်တွင်လည်း ကျေးရွာ၄ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

စစ်ကိုင်းတိုင်း၌ ရွှေဘိုမြို့နယ်၊ ရှားတောရွာအား စစ်ကောင်စီတပ်က ဧပြီ ၆ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၁၇၀ ကျော် ပြာကျပြီး သက်ကြီးဘိုးဘွားနှစ်ဦးပါ မီးလောင်သေဆုံးခဲ့ကြောင်းဒေသခံများကပြောသည်။ စစ်ကိုင်း၊ တန့်ဆည် မြို့နယ်များတွင်လည်း မီးရှို့ဖျက်ဆီးခံရမှုများ ရှိခဲ့သည်။
မကွေးတိုင်း၌ အများဆုံးမှာ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ရေမျက်နီရွာဖြစ်စဥ်ဖြစ်ပြီး ဧပြီ ၃ ရက် နေ့လယ်ပိုင်းက မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ကာ အိမ်ခြေ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့သည်။
စစ်ကောင်စီ အာဏာသိမ်းထားသည့် ၃ နှစ်ကျော်ကာလ ၂၀၂၄ ဧပြီလကုန်အထိ စစ်ကောင်စီတပ် နှင့် ၎င်းတို့၏ လက်အောက်အဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူနေအိမ်ပေါင်း ၈၈,၃၇၃ လုံး ဆုံးရှုံးခဲ့ကြောင်း Data for Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။ လူသိနည်းသော ၊ဆက်သွယ်ရေးမကောင်းသော ၊ဝေးလံခေါင်ပါးသောဒေသများမှ စစ်တပ်မီးရှို့မှုများရှိနိုင်သေးသဖြင့် စစ်ကောင်စီ မီးရှို့ဖျက်ဆီးသော အရေအတွက်မှာ ယခုအရေအတွက်ထက်ပင်ပိုများနိုင်ပါသည်။
