▪︎၂၀၁၆ တွင် စစ်တပ်က လေးလကျော်ထိုးစစ်ဆင်သိမ်းယူခဲ့သောစခန်းကို KIA က ၂ ရက်ဖြင့် တိုက်ခိုက်သိမ်းယူ
ဟန်နွေ၊ ဇော်ရမ်း/People’s Spring
စစ်တပ်က ၂၀၁၆ ခုနှစ်တွင် လေးလကျော်ကြာထိုးစစ်ဆင်တိုက်ခိုက်၍ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် ဂီဒွန်တောင်စစ်စခန်းကို KIA က ၄၂ နာရီကြာတိုက်ခိုက်ပြီး ယနေ့ (မေ ၆ )ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။
“ဂိဒုန်စခန်းကြီးရတမ၄၃၈ အား ၆-၅-၂၀၂၄ နေ့လည်၁၂၃၀ချိန်သိမ်းပိုက်ရှင်းလင်းပြီးစီး။ ၁၆-၈-၂၀၁၆မှခုခံကာ ၁ရ-၁၂-၂၀၁၆ လက်လွှတ်ခဲ့ရတဲ့ ဂိဒုန် (ခ) Mada Bum ဖြစ်ပါတယ်။ ထိုးစစ်အချိန် ၄၂နာရီသာကြာပါတယ်”ဟု ကချင် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အခြားကချင်စစ်ရေး သတင်းရင်းမြစ်ကလည်း “ဂီဒွန်ကို ရပါပြီ။ နယ်မြေရှင်းလင်းရေးဝင်နေပါတယ်။ ဒါက KIA အတွက်သိပ်ကောင်းတဲ့ ခွန်အားလို့ ယုံကြည်ပါတယ်” ဟု ပြောသည်။

Public Service Announcement
KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဂီဒွန်တောင်စစ်စခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းများကို မေ ၄ရက်နေ့ညနေပိုင်းတွင်စတင်ထိုးစစ်ဆင် တိုက်ခိုက်ပြီး မေ ၆ ရက်မွန်းတည့်ချိန်တွင်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
“ နေ့လည် ၁၂နာရီ မိနစ် ၂၀မှာ ဂီဒေါန်(ဒီဒွန်)ကုန်းစခန်းရပြီ။ အကုန်ရှင်းလင်းလိုက်ပြီ။ သူတို့ (စကစတပ်ဖွဲ့ဝင်များ) ထွက်ပြေးသွားတာပါ။ ငါတို့ လက်နက်ကြီးနဲ့ မရပ်မနားပစ်တော့ မခံနိုင်လို့ ထင်တယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီတပ် သေဆုံးထိခိုက်အခြေအနေနှင့် ဖမ်းဆီးရရှိမှု၊ လက်နက်ခဲယမ်း သိမ်းပိုက်ရရှိမှု အခြေအနေများ စုံစမ်းနေဆဲဖြစ်သည်။

“လိုင်ဇာကို လက်နက်ကြီးနဲ့ပစ်နေတဲ့ စခန်း။တရုတ်နယ်စပ်နဲ့အနီးဆုံးစခန်း။ ဒါက စစ်ရေးအရရော နယ်မြေစိုးမိုးမှုအရ အရမ်းအရေးပါတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဂီဒွန် တပ်စခန်းသည် ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းက KIA လက်လွှတ်ခဲ့ရသည့် တပ်စခန်းဖြစ်သည်။၂၀၁၆ ခုနှစ်တွင် စစ်တပ်က လေကြောင်း၊ လက်နက်ကြီး အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ လေးလ ကျော်အကြာတွင် စစ်တပ်ကသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ထိုစဥ်က ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်ချုပ် ဂွန်မော်က ဂီဒွန် တပ်စခန်း နှင့်ပတ်သက်ပြီးလူမှုကွန်ရက်၌ ရေးသားဖော်ပြခဲ့ရာ ကချင်အမျိုးသားများ၏ ယုံကြည်မှုနှင့် ဂီဒွန်စခန်းကို လဲလှယ်လိုက်ရသည့်အတွက် ဝမ်းမနည်းကြရန် ဖော်ပြကာ ခုခံတိုက်ပွဲဝင်ခဲ့သည့် အာဇာနည်များ၊ ရဲဘော်ရဲဘက်များ၏ ရဲစွမ်းသတ္တိကို လေးစား အသိအမှတ်ပြုကြောင်း ရေးသားခဲ့သည်။
ဂီဒွန်တပ်စခန်း ကိုဆုံးရှုံးခဲ့ရပြီးနောက် ၇နှစ်ကျော် အကြာတွင် KIAက ပြန်လည် ထိုးစစ်ဆင်ခြင်းလည်းဖြစ်သည်။
“နန်ဆန်ယန်နဲ့ မြစ်ကြီးနားကြားက မလိယန်တို့ ကန်ဒေါင်ယန်တို့ရဲ့ အရှေ့ဖက်တောင်ကြောမှာ ကာဂန်ဘွမ်တို့ ဆမားတို့ ရှိတယ်။ အဲဒီတောင်ကြောမှာ အဲဒီနံမည်တွေထက် ဂီဒွန်ကို လူသိများတယ်။ ဂီဒွန်မှာ ၂၀၁၆ ခုနှစ်လောက်က လနဲ့ချီတိုက်ခဲ့ကြဘူးတယ်။ ၈ နှစ်အကြာ ၂၀၂၄ ခုနှစ်အရောက်မှာ ကာဂန်ဘွမ်၊ ဆမား၊ ဂီဒွန်ဖက်ကို တကျော့ပြန် အလှည့်ကျပြီလို့ ကြားရပါတယ်”ဟု တိုင်းရင်းသားအရေးလေ့လာသူ ဦးမောင်မောင်စိုးက သူ၏ လူမှုကွန်ရက်၌ မေလ ၄ ရက်က ရေးတင်ထားသည်။

ထိုကြောင့်စစ်တပ် ၄ လကျော်တိုက်ရသောစခန်းကို KIA က ၂ ရက်ဖြင့် ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
KIA ကမေ ၅ ရက်တွင်လည်း ဆွမ်ပရာဘွမ်ရှိ စစ်ကောင်စီ၏ နောက်ဆုံးစခန်ယဖြစ်သော ခလရ ၄၆ ဗျူဟာကုန်းအပါအဝင် စစ်စခန်း ၁၂ ခုကိုသိမ်းပိုက်ခဲ့သည်။
(KIA တပ်ဖွဲ့ဝင်များ/ ဂီဒွန်တောင်ရှိ စစ်စခန်းကို အပေါ်စီးမှတွေ့ရမှု / ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ တွင် KIA ထံမှ ဂီဒွန်စခန်းကို စစ်တပ်က သိမ်းပိုက်ခဲ့စဥ်ရေးခဲ့သောဆိုင်းဘုတ်။ဓါတ်ပုံ- KIA ၊ စစ်ကောင်စီ)
