အောင်ဇေယျစစ်ကြောင်းအထိနာနေပြီး တပ်မ(၇၇)ထပ်မံစေလွှတ်ထားဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြော
ဒီးဒို/People’s Spring
ကရင်ပြည်နယ် ဒေါနတောင်ပေါ်၌ ယမန်နေ့ကတိုက်ပွဲအတွင်း စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှ တပ်မ(၅၅)လက်အောက်ခံ ခလရ(၉၄)တပ်ရင်းမှူး သေဆုံးပြီး အောင်ဇေယျစစ်ကြောင်းအထိနာနေသည်ဟု People’s Spring၏ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
” မနေ့ကတိုက်ပွဲမှာ တပ်မ(၅၅)လက်အောက်ခံ ခလရ(၉၄)တပ်ရင်းမှူး သေတယ်လို့ ဒီနေ့ သတင်းရတယ်။ စကစ အလောင်းတွေပုံနေတယ် ပြောတယ်။ အတော်လေး အထိနာနေတယ်ကြားတယ်”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ယနေ့ ပြောသည်။ ခလရ(၉၄) တပ်ရင်းမှူး ၏အမည်ကို မသိရသေးဘဲ ၎င်းသေဆုံးမှု ဟုတ်၊မဟုတ်ကို People’s Springက အတည်မပြုနိုင်သေးပေ။

ထို့အပြင် စစ်ကောင်စီ၏ နိုင်ငံတော်စစ်ဆင်ရေးအဖြစ် သတ်မှတ်ထားသည့် အောင်ဇေယျစစ်ကြောင်းအား ထပ်မံအင်အားဖြည့်ရန် တပ်မ(၇၇)ကို စေလွှတ်ထားသည်ဟု သတင်းရရှိကြောင်း အဆိုပါ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
”တပ်ရင်းတစ်ခုလုံးမဟုတ်တောင် နုတ်ထုတ်ပြီး စေလွှတ်နေတာပေါ့။ အင်အားက ခန့်မှန်းမယ်ဆို မှန်းလို့ကို မရဘူး။ နေ့တိုင်းတိုးပေးနေတဲ့ သဘောရှိတယ်”ဟု ၎င်းက ဆက်ပြောသည်။
အောင်ဇေယျစစ်ကြောင်းအား တပ်မ(၄၄)နှင့်(၅၅)တို့ဖြင့် ချီတက်စစ်ကြောင်းထိုးနေရာ ယင်းတပ်မများ၏ လက်အောက်ခံတပ်ရင်းအချို့လည်းပါရှိပြီး ယခု တပ်မ(၇၇)ကို ထပ်မံအင်းအားဖြည့်တင်းခြင်းဟု ဆိုသည်။
တိုက်ခိုက်မှုကြောင့် အောင်ဇေယျစစ်ကြောင်းထိခိုက်မှုများပြီး ရရှိသော ရုပ်အလောင်းများတွင် တပ်မ(၅၅)တံဆိပ်များ အများစုတွေ့ရ၍ တပ်မ(၅၅)တစ်ခုလုံး အင်အားသုံးလာခြင်းဟု စစ်မျက်နှာပြင်ရှိ အမည်မဖော်လိုသည့် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
မြဝတီမြို့သို့လာသည်ဆိုသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်များ ဒေါနတောင်ပေါ်၌ နေ့စဥ်ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည်ဟု ၎င်းက ဆက်ပြောသည်။
အောင်ဇေယျစစ်ကြောင်းသည် လက်ရှိတွင် ဒေါနတောင်ပေါ်ရှိ တောနောရေတံခွန်အကျော်တွင် ရောက်ရှိနေသည်ဟု People’s Spring၏ သတင်းရင်းမြစ်က ပြောသည်။
” ထိတွေ့မှုက နေ့တိုင်းရှိတယ်။ အဖွဲ့ကလည်းများတယ်။ နေရာကလည်းကျယ်တော့”ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
အောင်ဇေယျစစ်ကြောင်းအား တောင်ပိုင်းတိုင်း အမှတ်(၃၂) ဗျူဟာက ဦးဆောင်ပြီး ကော်ဘရာ၊ ကျားသစ်နက်၊ VENOM စစ်ကြောင်းတို့က အဓိကတိုက်ခိုက်နေပြီး အမှတ်(၃၁) ဗျူဟာမှ ကျားဖြူ၊ SOG အပြင် အခြားစစ်ကြောင်းများကလည်း ပူးပေါင်းတိုက်ခိုက်နေသည်။
စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းသည် ဧပြီ ၇ရက်ခန့်တွင် မော်လမြိုင်မြို့မှ စတင်ထွက်ခွာလာခြင်းဖြစ်ပြီး ဧပြီ ၁၁ရက်တွင် ကော့ကရိတ်မြို့သို့ ရောက်ရှိလာခဲ့သည်။ အဆိုပါ လမ်းပိုင်းတလျှောက်တွင်လည်း တော်လှန်ရေးပူးပေါင်းတပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့ကြသည်။
ဧပြီ ၁၁ရက်ညပိုင်းတွင် ကော့ကရိတ်မြို့သို့ စစ်ကြောင်းဝင်ရောက်လာပြီး ဧပြီ ၁၂ရက်တွင် ကော့ကရိတ်မြို့အထွက်ရှိ ကော့နွဲ့ကျေးရွာတံတား၌ တော်လှန်ရေးပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကို ထပ်မံကြုံတွေ့ရပြန်သည်။ အောင်ဇေယျစစ်ကြောင်းသည် ကော့နွဲ့ကျေးရွာအနီး၌ ရပ်တန့်နေခဲ့ရပြီးနောက် တတန်းကူးကျေးရွာအနီးအရောက်တွင် နှစ်ပတ်ခန့်အကြာရှေ့ဆက်မတိုးနိုင်ဘဲ ရပ်တန့်နေရာမှ ယခုအခါ ဒေါနတောင်ပေါ်သို့ ရောက်နေခြင်း ဖြစ်သည်။
အာရှလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီက အင်အားသုံးပြီး အဆိပ်ငွေ့ဗုံး၊ မီးလောင်ဗုံးများဖြင့် လေကြောင်းမှ တိုက်ခိုက်နေသည်ဟုလည်း ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက သုံးသပ်သည်။
မြဝတီမြို့သို့ ထိုးစစ်ဆင်လာသော အာဏာသိမ်းစစ်ကောင်စီတပ်များအား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) မှ ဦးဆောင်၍ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဧပြီ ၂၁ ရက်တိုက်ပွဲတွင် သံချပ်ကာယာဉ် တစ်စီး၊ စစ်သုံးကား နှစ်စီး အပါအဝင် စက်လက်တစ်လက်နှင့် လက်နက်ခဲယမ်း များ သိမ်းဆီးရမိပြီး ဗိုလ်ကြီးတစ်ဦးနှင့် ဗိုလ်တစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးခဲ့ကြောင်းလည်း KNUက အသိပေးထားသည်။
စစ်ကူလာနေသော စစ်ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက မီဒီယာများအား ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။
(အာရှလမ်းပိုင်း၌ အောင်ဇေယျစစ်ကြောင်းအား တိုက်ခိုက်နေသော ကော်ဘရာပူးပေါင်းစစ်ကြောင်းမှ ရဲဘော်များနှင့် ဒေါတောင်ပေါ်၌ တိုက်ပွဲဖြစ်နေသည့် နေရာမြေပုံအား တွေ့ရစဥ်။ဓာတ်ပုံ – ကော်ဘရာစစ်ကြောင်း)
