Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မီတာခအတင်းကောက်ခံပြီး မီတာပုံးများပါ ဖြုတ်သိမ်းနေသည့် ပခုက္ကူလျှပ်စစ်ရုံးအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်သတိပေး

ပခုက္ကူလျှပ်စစ်ရုံးအား ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတိပေးပြီးနောက် ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(ပခုက္ကူမြို့လျှပ်စစ်ရုံးအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ပခုက္ကူမြို့လျှပ်စစ်ရုံးအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

မကွေးတိုင်း၊ ပခုက္ကူမြို့တွင် လျှပ်စစ်မီတာခများအတင်းကောက်ခံပြီး မီတာပုံးများပါ ဖြုတ်သိမ်းနေသည့် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်သတိပေးခဲ့ကြောင်း အဆိုပါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)အဖွဲ့က ပြောသည်။

ပခုက္ကူမြို့၌ လျှပ်စစ်မီတာခများအတင်းအကျပ် ကောက်ခံနေ‌သည့် လျှပ်စစ်ရုံးအား ယနေ့ (ဇွန်လ ၂၄ ရက်) နံနက် ၉နာရီခွဲခန့်က ပခုက္ကူ (ပကဖ)တပ်ခွဲ(၂) နှင့် Young ForceUGတို့ ပူးပေါင်းပြီး လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူ(ပကဖ)အဖွဲ့က ပြောသည်။

“စစ်တပ်က EPC ရုံးမှာ အမြဲတမ်းတော့မရှိဘူး”ဟု Young ForceUGအဖွဲ့၏ တာဝန်ခံက ဆိုသည်။

ယခုရက်ပိုင်းအတွင်း၌ပင် ပခုက္ကူမြို့ပေါ် ရပ်ကွက်များတွင် လျှပ်စစ်ဝန်ထမ်းများက စစ်ကောင်စီတပ်သားများလုံခြုံရေးယူပြီး မီတာခများကောက်ခံခြင်း၊ မီတာခမပေးဆောင်ပါက လျှပ်စစ်မီးဖြတ်တောက်ခြင်း၊ မီတာပုံးဖြုတ်သိမ်းခြင်းများ အဓမ္မလုပ်ဆောင်နေကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ​ပြောသည်။

ပခုက္ကူလျှပ်စစ်ရုံးအား ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတိပေးပြီးနောက် ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ဗုံးပေါက်တာတော့ ဟုတ်တယ်။ ထိခိုက်မိတာတော့မကြားသေးဘူး”ဟု ပခုက္ကူမြို့ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီအလိုကျ ဆောင်ရွက်နေသည့် လျှပ်စစ်ရုံး၀န်ထမ်းများအား နောက်ဆုံးအကြိမ်သတိပေးပြီး ဆက်လုပ်ပါက ပကဖနှင့်မိတ်ဖက်အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များက ထိရောက်စွာအရေးယူသွားမည်ဟု အထက်ပါအဖွဲ့များက သတိပေးသည်။