မိုခါမုန်တိုင်းတုံ့ပြန်ရေး လူသားချင်းစာနာမှုအကူအညီ ကန်ဒေါ်လာ ၁၂.၅ သန်း သြစတြေးလျအစိုးရ ထပ်မံပေးအပ်
မိုခါဆိုက်ကလုန်းဘေးဒဏ်သင့် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံမှာ အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များအတွက် သြစတြေးလျအစိုးရက နောက်ထပ် အမေရိကန်ဒေါ်လာ ၁၂.၅ သန်း ပေးအပ်မယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။ ကုလသမဂ္ဂဦးဆောင်တဲ့တုန့်ပြန်ကူညီရေးအစီအစဥ်ကတဆင့် မြန်မာနိုင်ငံအတွက် မုန်တိုင်းသင့်ပြည်သူ ၁.၆ သန်းကို ကူညီထောက်ပံ့ဖို့ ဒေါ်လာ ၁၀.၅ သန်း ပေးအပ်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုအကူအညီများပေးအပ်နိုင်ရေးအတွက် ဘေးကင်လုံခြုံပြီး အတားအဆီးမရှိသွားလာခွင့်ပေးဖို့ အာဏာသိမ်းစစ်ကောင်စီကို သြစတြေးလျအစိုးရက ဆက်လက်တိုက််တွန်းပါတယ်။
ဆလိုင်းတင်မောင်ဦးကဲ့သို့ စစ်ဖိနပ်အောက်ဒူးမထောက်ဘဲ စစ်အာဏာရှင်စနစ်ဖြုတ်ချရေး ရှေ့ဆက်ချီတက်ဖို့ ICNCC တိုက်တွန်း
စစ်အာဏာရှင်အုပ်စုက ကြိုးပေးသတ်ဖြတ်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသား ဆလိုင်းတင်မောင်ဦးကဲ့သို့ စစ်ဖိနပ်အောက် ဒူးမထောက်ဘဲ စစ်အာဏာရှင်စနစ် ဖြုတ်ချရေး ရှေ့ဆက် ချီတက်ဖို့ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)က ဒီနေ့ ထုတ်ပြန်ပါတယ်။ ဇွန်လ ၂၆ ရက် ကျရောက်မယ့် (၄၇)နှစ်မြောက် ဆလိုင်းတင်မောင်ဦးအထိမ်းအမှတ်နေ့အတွက် ICNCCက ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် နည်းမျိုးစုံနဲ့ ကျရာကဏ္ဍအသီးသီးမှာ ပါဝင်ဆောင်ရွက်နေကြသူများအားလုံးအနေနဲ့ ဆလိုင်းတင်မောင်ဦးရဲ့ ပြောကြားချက်များကို ရင်ဝယ်ပိုက်ပြီး ရှေ့ဆက်ချီတက်ကြဖို့ အလေးအနက် တိုက်တွန်းဖော်ပြပါတယ်။ “စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး”၊ “မင်းတို့ ငါ့ရဲ့ခန္ဓာကိုယ်ကိုသတ်လို့ရချင်ရမယ်။ ဒါပေမယ့် ငါ့ရဲ့ ယုံကြည်ချက်နဲ့ ခံယူချက်တွေကိုတော့ ဘယ်တော့မှ သတ်လို့ မရနိုင်ဘူး” တို့ဟာ ဆလိုင်းတင်မောင်ဦးရဲ့ ထင်ရှားတဲ့ ပြောကြားချက်တွေပါ။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်အံတုခဲ့တာကို အကြောင်းပြုပြီး ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို ၁၉၇၆ ဇွန်လ ၂၆ ရက်မှာ စစ်အာဏာရှင်အုပ်စုက ရက်စက်စွာ ကြိုးပေးသတ်ဖြတ်ခဲ့ပါတယ်။

ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်သားများ လက်နက်ချ ပူးပေါင်းလာမှု ဆက်ရှိနေဟု MNDAA ထုတ်ပြန်
ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်သားများ စစ်ကောင်စီတပ်မှ ထွက်ပြေးပြီး ကိုးကန့်တပ်မတော် (MNDAA)ထံ ထပ်မံ အလင်းဝင်လာတယ်လို့ MNDAAက ဒီနေ့ ထုတ်ပြန်ပါတယ်။ ဇွန်လ ၁၅ ရက်က စစ်ကောင်စီတပ်သားတစ်ဦး MNDAAထံ အလင်းဝင်လာကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းကအသိပေးထုတ်ပြန်ခဲ့ပြီး ဒီနေ့မှာလည်း လက်နက်ချအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားများကို ကြိုဆိုဂုဏ်ပြုတဲ့ အခမ်းအနား ကျင်းပခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒီနေ့ ထုတ်ပြန်ချက်မှာ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတစ်ဦးက ၎င်းရဲ့ လက်နက်ကို MNDAA ထံ ပေးအပ်ခဲ့ရာ MNDAAတပ်က ငွေကြေးထောက်ပံ့ပေးအပ်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ဖော်ပြပါတယ်။
အိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီမှ အရှေ့တောင်အာရှ ဒါရိုက်တာကို CRPH ဥက္ကဋ္ဌတွေ့ဆုံ
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ဟာ အမေရိကန်သမ္မတ အိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီမှ အရှေ့တောင်အာရှ ဒါရိုက်တာ Ms. Henrietta Levin နဲ့တွေ့ဆုံကာ မြန်မာ့ဒီမိုကရေစီအရေးဆွေးနွေးခဲ့တယ်လို့ CRPH ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ အဲဒီတွေ့ဆုံဆွေးနွေးမှုဟာ အကျိုးရလဒ်ဖြစ်ထွန်းတဲ့ ဆွေးနွေးမှုဖြစ်ခဲ့ပြီး လက်ရှိပဋိပက္ခကို အမြန်ဆုံး အဆုံးသတ်နိုင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးမှာ လိုအပ်နေတဲ့ ကိစ္စရပ်များ၊ အခက်အခဲများကို ရှင်းလင်းတင်ပြခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အမေရိကန်အစိုးရအနေနဲ့ ဆက်လက်ကူညီပေးစေလိုတဲ့ ကဏ္ဍများကို တောင်းဆိုခဲ့တယ်လို့ ဖော်ပြပါတယ်။

ပခုက္ကူလျှပ်စစ်ရုံးကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်သတိပေး
မကွေးတိုင်း၊ ပခုက္ကူမြို့မှာ လျှပ်စစ်မီတာခများအတင်းကောက်ခံပြီး မီတာပုံးများပါ ဖြုတ်သိမ်းနေတဲ့ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်သတိပေးခဲ့တယ်လို့ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)အဖွဲ့က ပြောပါတယ်။ ပခုက္ကူမြို့မှာ လျှပ်စစ်မီတာခများအတင်းအကျပ် ကောက်ခံနေတဲ့ လျှပ်စစ်ရုံးကို ဒီနေ့ မနက်ပိုင်းက ပခုက္ကူ (ပကဖ)တပ်ခွဲ(၂) နဲ့ Young ForceUGတို့ ပူးပေါင်းပြီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူ(ပကဖ)အဖွဲ့က ပြောပါတယ်။ ဒီရက်ပိုင်းမှာပဲ ပခုက္ကူမြို့ပေါ် ရပ်ကွက်တွေမှာ လျှပ်စစ်ဝန်ထမ်းများက စစ်ကောင်စီတပ်သားများလုံခြုံရေးယူပြီး မီတာခများကောက်ခံခြင်း၊ မီတာခမပေးဆောင်ပါက လျှပ်စစ်မီးဖြတ်တောက်ခြင်း၊ မီတာပုံးဖြုတ်သိမ်းခြင်းများ အဓမ္မလုပ်ဆောင်နေတယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ပြောပါတယ်။

စစ်တပ် လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ခင်ဦးနယ် ရဲဘော်ငါးဦးထိမှန်ပြီး တစ်ဦးကျဆုံး
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့၍ ပြည်သူ့ကာကွယ်ရေး ရဲဘော်ငါးဦးထိမှန်ပြီး တစ်ဦးကျဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ကံသာယာ(မြောက်)ရွာအရောက်မှာ လက်နက်ကြီးများနဲ့ ပစ်ခတ်ခဲ့ရာ ဒေသခံကာကွယ်ရေးရဲဘော် ငါးဦး ထိမှန်ခဲ့ပြီး ရဲဘော် တစ်ဦးကျဆုံးခဲ့တာလို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ မနေ့ကလည်း စစ်ကောင်စီတပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် တဲစုကျေးရွာက ဒေသခံ ကိုးဦး လက်နက်ကြီးထိမှန်ခဲ့ကာ (၄၅)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

