ကျော်ဇော/People’s Spring
ဇနီးဖြစ်သူက ဝက်သားနှင့် မျှစ်ချဥ်ရောချက်ပြီး ဆွမ်းလည်းလောင်း၊ လူလည်းစားရအောင်ဟု အဆိုတင်သည်။ သို့သော် ခင်ပွန်းက ပါလာသည့်ငွေဖြင့် မလောက်ငနိုင်၍ ထိုအဆိုကို ပယ်ချသည်။ ဝက်မျှစ်ချဥ်ထက် အကုန်အကျသက်သာမည့် ငါးသာဝယ်ရန် သူက အကြံပြုသည်။
အဘယ်ကြောင့်ဆိုသော် သူတို့တွင်ပါလာသော စျေးဖိုးငွေမှာ ၁၃,၀၀၀ ခန့်သာရှိ၍ ဖြစ်သည်။ ထိုငွေဖြင့် ဝက်သား ၅၀ သားဝယ်မည်ဆိုက ကျပ် ၈,၅၀၀ ကျသင့်မည်။(ဝက်သားတစ်ပိဿာ ကျပ် ၁၉,၀၀၀ ခန့်ရှိသည်။)။ အလားတူ မျှစ်ချဥ်တစ်ပိဿာလျှင် ကျပ် ၂,၂၀၀ ဖြစ်၍ ၅၀ သားဆိုလျှင် ကျပ် ၁,၁၀၀ ကျမည်။ သို့ဆိုလျှင် ဝက်သားနှင့် မျှစ်ချဥ်နှစ်မယ်တည်းနှင့် ကျပ် ၉,၆၀၀ သုံးစွဲရမည် ဖြစ်သည်။
ထိုကြောင့် သူ့အမျိုးသားက ၁၀ိ/- သားကျပ် ၈၀၀ စျေးပေါက်သည့် ငါးကြင်း ၅၀ိ/-သား ဝယ်မည်ဆိုပါက ကျပ် ၄,၀၀၀ သာကျသင့်မည်ဟု ဇနီးဖြစ်သူကို တွက်ပြသည်။ ထို့အပြင် ပိုငွေ ၉,၀၀၀ ခန့်မှ ကလေးနှစ်ဦးအတွက် မုန့် ၂,၀၀၀ ဖိုးခန့်နှင့် ဆိုင်ကယ်ဆီဖိုး ၃,၀၀၀ ထပ်သုံးလျှင်ပင် လက်ထဲ ကျပ် ၄,၀၀၀ ကျန်ဦးမည်ဟု ထောက်ပြသည်။ သည်တွင် ချက်ကျပြီး လက်တွေ့ဆန်သည့် အမျိုးသားဖြစ်သူ၏ ချေပချက်ကို ဇနီးသည်က လက်ခံသွားလေတော့သည်။
အထက်ပါ ရပ်ကွက်ပျံကျစျေးလေးမှာ ဆယ်စုနှစ်တစ်ခုကျော် သက်တမ်းရှိပြီ ဖြစ်သည်။ ထိုစျေးသည် ပိတ်ရက်မရှိသလို မနက်စောစောမှ ည ၉ နာရီခန့်အ ထိ ဖွင့်တတ်သည်။ ထိုအခါ အချိန်မှန်အလုပ်လုပ်ရသော ရုံးဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံ အလုပ် သမားများနှင့် နောက်ကျမှ အလုပ်သိမ်းရသူများအဖို့ အား ကိုးပြုရသည့် စျေးတစ်ခုလည်း ဖြစ်သည်။

ထို့ကြောင့် ပျံကျစျေးလေး၏ စည်ကားဆုံးအချိန်မှာ မနက်စောစောနှင့် ညနေခင်းအချိန်များ ဖြစ် သည်။ ပျံကျစျေးတန်းလေးမှာ အနည်းငယ်ရှည် လျားသည်ဟု ဆိုနိုင်သည်။ အကြောင်းမူ လမ်းမကြီးတစ်ခုမှနေ၍ ထိုလမ်းမကြီးကို ကန့်လန့်ဖြတ်ထားသော လမ်းသွယ်ထဲအထိ ဆိုင်များခင်းကျင်ထား၍ ဖြစ်သည်။
မိန်းလမ်းမကြီးမှတဆင့်ပျံကျစျေးရှိရာလမ်းကျယ်ထဲချိုးကွေ့ဝင်လိုက်လျင် ခေတ်ကို ထင်ဟပ်စေသည့် တစ်စုံတစ်ရာကိုလည်း သတိပြုမိခဲ့သည်။ ၎င်းမှာ သော့ပိတ်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တစ်ရုံးဖြစ်ပါသည်။
ထိုရုံးသည် လွန်ခဲ့သောတစ်နှစ်ခန့်ကပင် သော့ခတ်ပိတ်ထားခဲ့ရသည်။ အကြောင်းမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရပြီးနောက် ပုံမှန်ရုံးလုပ်ငန်းများ လည်ပတ်နိုင်ခြင်းမရှိတော့၍ ဖြစ်သည်။ယင်းသို့စစ်ကောင်စီ၏ ယန္တယားများ ပုံမှန်လည်ပတ်နိုင်ခြင်းမရှိခြင်းသည်ပင် စစ်အုပ်စုအပေါ် ပြည်သူအများစုက သေနတ်ကြောက်၍ ခေါင်းငုံနေရသော်လည်း လုံးဝမကြိုက်သည်ကို ပေါ်လွင်စေသည်။
စစ်ကောင်စီအပေါ် ပြည်သူများမကြိုက်သည်လည်းမပြောနှင့် အာဏာလုယူလိုက်သော ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ စ၍ တိုင်းပြည်မှာ လပိုင်း ၊နှစ်ပိုင်းအတွင်း အဖက်ဖက်မှ ယိုယွင်းကျဆင်းသွားသည်။ထိုထဲတွင် အဆိုးဆုံးမှာ ကုန်ဈေးနှုန်းပင်ဖြစ်သည်။
“မင်အောင်လှိုင်လက်ထက် တိုးတက်တာ ကုန်ဈေးနှုန်းတစ်ခုပဲ ရှိတယ်”ဟု ရန်ကုန်မြို့မှ ပုဂ္ဂလိက ကုမ္ပဏီဝန်ထမ်းတစ်ဦးက သရော်ရင်းပြောသည်။
သူလည်းပြောချင်စရာပင် ။ ပြည်သူများမရှိမဖြစ်အသုံးပြုရသောအခြေခံကုန်ဈေးနှုန်းမှာ.စစ်အုပ်စုအာဏာမသိမ်းခင်ကနှင့် လက်ရှိအခြေပနေ နှိုင်းယှဥ်လျင် ၂ နှစ်ခွဲအတွင်းနှစ် ဆ ၊ သုံးဆ အထိဈေးကြီးကုန်သည်။
စစ်တပ်အာဏာမသိမ်းခင်က ဆန်တစ်ပြည် ၉၀၀ ကျပ်ခန့်မှ ၁၆၀၀ ကျပ်သာရှိသော်လည်း အခါအခါ ဆန်ကြမ်း တစ်ပြည် ကျပ်၃၀၀၀ ကျော် ၊ဆန်ချောတစ်ပြည် ၅၀၀၀ ကျပ်ကျော်ရှိနေသည် ။ စားအုန်းဆီဈေး တစ်ပိသာ ၂၀၀၀ ကျပ်ကျော်ကျာ်သာခန်ရှိခဲ့ရာမှ အခုတော့ ၆၈၀၀ ကျပ်အထိ့တက်လာသည်။
အာဏာမသိမ်းခင်ကရပ်ကွက်ထဲတွင် လက်ဖက်ရည်တစ်ခွက် ၃၀၀ ၊၃၅၀ ခန့်သာရှိသော်လည်း ယခုအခါ ရိုးရိုးတစ်ခွက်ပင် ၇၀၀ ၊၈၀၀ ပေးသောက်ရသည်။ ပါဆယ်ဆွဲလျှင် ရိုးရိုးတစ်ခွက် ၁၀၀၀ ဖြစ်သည်။ ရန်ကုန်မြို့က နာမည်ကြီးဆိုင်များဆိုလျှင် လက်ဖက်ရည်တစ်ခွက်ကျပ် ၂၀၀၀ ကျော်ကုန်သည်။
ယခင် တစ်လုံးလျှင် ၁၀၀ ကျပ်ဝန်းကျင်သာရှိခဲ့သောကြက်ဥဈေးပင် ၂၆၀ မှ ၃၅၀ အတွင်းထိပေးဝယ်စားနေကြရသည်။
ကုန်ဈေးနှုန်းများတက်သည်မပြောနှင့် သယ်ယူပို့ဆောင်ရေးအတွက် အခရာကြသော စက်သုံးဆီဈေးမှာ အာဏာမသိမ်းခင်က တစ်လီတာ ၆၅၀ ကျပ်မှ ၇၀၀ ကျပ်အတွင်းရှိခဲ့ရာမှယခုအခါ တစ်လီတာ ကျပ် ၂၀၀၀ ကျော်အထိ့တက်ကုန်သည်။
ကုန်ဈေးနှုန်းတက်သည်မှာတစ်နည်းအားဖြင့်ကျပ်ငွေဖောင်းပွလာခြင်းဟုပြောနိုင်သည်။ ကျပ်ငွေမှာ စစ်အုပ်စုအာဏာသိမ်းချိန်မှစ၍ တန်ဖိုးကျဖောင်းပွလာသည်မှာ ကြာလေဆိုးလေဖြစ်သည်။ ၂၀၂၁ ဇန်နဝါရီ လကုန်ပိုင်းတွင် တစ်ဒေါ်လာ ၁၃၃၀ ကျော်သာရှိခဲ့ရာမှ အမေရီကန်အစိုးရက စစ်အုပ်စု၏ MFTB နှင့် MICB ဘဏ်တို့ကို အရေးယူပိတ်ဆို့ လိုက်ပြီးနောက် ၁ ဒေါ်လာ ၃၂၀၀ ကျပ်အထိ့ ကျပ်ငွေတန်ဖိုးကျသွားသည်။
“အခုက ဈေးတစ်ခါသွားရင် နှစ်သောင်းလောက်ယူသွားရင်တောင် ဈေးခြင်းမပြည့်ဘူး ကြိုတိုကြဲတဲပဲဝယ်နိုင်တာ “ဟု ရန်ကုန်မြို့မှ အိမ်ရှင်မတစ်ဦးကပြောသည်။ထိုကြောင့်ညဈေးရောက်လျှင် ဈေးသက်သာသည်ကိုသာလိုက်ရွေးဝယ်နေရသည်ဟုပြောသည်။

ထိုအခြေအနေတွင်စစ်ကောင်စီက လူထုမကြည့်ပဲ အာဏာလက်မလွတ်ရရေးအတွက်သာ အာရုံစိုနေသလို ၊လာဘ်စားမှု ၊စီမံခန့်ခွဲမှုညံ့ဖျင်းမှု တို့ကြီးစိုးနေသဖြင့် စစ်အုပ်စုနှင့်နီးစပ်သူများသာအလုပ်ဖြစ်နေပြီးပြည်သူအများစု အကြပ်ဆိုက်နေကြသည်။အကျိုးဆက်အဖြစ်ငွေကြေးဖောင်းပွခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း များနည်းပါးလာခြင်း၊ စီးပွားရေးကျဆင်းခြင်း နှင့် လူမှုဘဝလုံခြုံမှုကင်းမဲ့နေတော့သည်။
မိသားစုနည်းသောအိမ်တစ်အိမ်မှာပင်တစ်ရက်ဝင်ငွေ တစ်သောင်းကျပ် ၊တစ်လ ဝင်ငွေ သုံးသိန်း ဝန်းကျင်ရှိလျှင်ပင် သာမာန်စာသောက်နိုင်ယုံသာရှိသည်ဟု အိမ်ရှင်မတစ်ဦးက ရှင်းပြသည်။
“တစ်ရက် ဝင်ငွေ တစ်သောင်းလောက်ရှိရင် စားလောက်ယုံပဲရှိတယ်။တစ်ယောက်ယောက် မကျန်းမာလို့ဆေးကုရမယ်ဆိုရင် ဘယ်လိုမှမလောက်ဘူး။ အဲတော့ လဲကျမသွားအောင်ကြိုးစားနေရတယ်” ဟုရန်ကုန်မြို့မှ အိမ်ရှင်မတစ်ဦးကငြီးတွားသည်။ ။
