▪︎KNPP ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ခူညေးရယ်နဲ့ မေးမြန်းခန်း
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ကို ဖွဲ့စည်းလိုက်ကြောင်း ဇွန်လ ၁၂ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ၊ ပြည်နယ် အတိုင်ပင်ခံကောင်စီတွေ ၊သပိတ်ကော်မတီတွေအပါအဝင် တော်လှန်ရေးအင်အားစုများ၊ လူမှုအဖွဲ့အစည်းတွေက ထောက်ခံကြိုဆို ဂုဏ်ပြုခဲ့ကြပါတယ်။ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းခြင်းဟာ စုပေါင်းခေါင်းဆောင်မှုနဲ့ ကြားကာလ ပြည်နယ်အစိုးရတစ်ရပ်ရဲ့ အုပ်ချုပ်ရေးကို ဖော်ဆောင်ဖို့ ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍတွေ အပြန်အလှန် ထိန်းညှိပြီး ပြည်နယ်ရဲ့ တည်ငြိမ်အေးချမ်းရေးကို ကြိုးပမ်းဖော်ဆောင်သွားဖို့ ဖြစ်တယ်လို့အသိပေးထားပါတယ်။ ဒါအပြင်ပြည်နယ်အတွင်းရှိအင်အားစု အသီးသီးနဲ့ လက်တွေ့ကျစွာ ပူးပေါင်း ပါဝင်ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားတယ်လို့ အသိပေးထားသလို ဖက်ဒရယ်ပြည်ထောင်စု တည်ဆောင်ရေးဆောင်ရွက်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)တို့နဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။ အခု လိုကောင်စီ ဖွဲ့စည်းထားသလို တစ်ဖက်မှာလည်း ကောင်စီမှာ ပါဝင်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ကလည်း ကရင်နီပြည်အစိုးရတစ်ရပ်ဖွဲ့စည်းပြီး ဝန်ကြီးဌာနတွေနဲ့လည်ပတ်ကာ ထိန်းချုပ်နယ်မြေတွေမှာ အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး KNPP ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ခူညေးရယ်ကို People’s Spring ကဆက်သွယ်ပြီး မေးမြန်းဖော်ပြလိုက်ပါတယ်။
မေး-အခုဖွဲစည်းလိုက်တဲ့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီနဲ့ KNPP ရဲ့ ဌာနဆိုင်ရာတွေနဲ့ ဘယ်လိုချိတ်ဆက်ဆောင်ရွက်သွားမလဲ။
ဖြေ- KNPPကတော့ သူ မူလ ဖွဲ့စည်းအုပ်ချုပ်ပုံ သူ့ပေါ်လစီ ရှိတယ်လေ။ ဒါပေမဲ့ အဲဒါတွေကို အထဲက အဖွဲ့တွေကိုချပြပြီးတော့ အဲဒီအတိုင်းသွားမယ်ဆိုရင် သူတို့က လက်ခံချင်မှ လက်ခံမယ်လေ။ KNPP ရဲ့ မူပိုင်ကိုပေါ့။ အဲဒါကြောင့် သူတို့လည်း အားလုံးပါဝင်နိုင်အောင်ဆိုပြီးတော့မှ KSCC
(ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ) အောက်ကနေ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖက်ဒရယ်ကို သွားမယ့်မူကြမ်း သူတို့အဲဒီလိုရေးထားတာရှိတယ်။ ဥပမာ ပြန်စဉ်းစားကြည့်မယ်ဆိုရင် ၁၆မြို့နယ်(KNPP သတ်မှတ်ထားသည့် ကရင်နီဒေသရှိမြို့နယ်)က ခပ်များများက ကျနော်တို့ KNPP ရဲ့ ထိန်းချုပ်မှုအောက်မှာ ဥပမာ ရှားတောတို့ တောပိုင်းဆိုကျနော်တို့ ထိန်းချုပ်နယ်မြေ ကျနော်တို့ မူပေါ်လစီကို လက်ခံတယ်။ ဒါပေမဲ့ တချို့ဒေသတွေက ဥပမာ ကလလတ(ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး)ရှိတဲ့ မယ်စဲ့ အနောက်ခြမ်း၊ ဒီးမော့ဆို အနောက်ခြမ်းဆို ကလလတရှိတယ်။ ကယောနီတို့ဘာတို့လည်းရှိတယ်လေ။ ဆိုတော့ အဲဒီဟာမျိုးလောက်ပဲ ရောထွေး အုပ်ချုပ်မှု လုပ်ရမယ်။ ကျန်တဲ့ဒေသ ၁၆ မြို့နယ်မှာ ၁၀မြို့နယ်ကျော်က ကျနော်တို့ KNPP ရဲ့ မူနဲ့ပဲသွားမှာပဲလေ။ လူထုတွေကလည်း လက်ခံပြီးသား ။ဒါပေမဲ့ အရင်က သူတို့ထိန်းချုပ်နယ်မြေတွေမှာ အဲဒီလိုရှိတဲ့အခါကျတော့ အဲဒီလိုနေရာမျိုးကျတော့ သူတို့လည်းပါမယ်။ ကျနော်တို့လည်း ပါမယ်။နောက်ကျရင် ကျနော်တို့ KNPP ရဲ့ မူလ ပေါ်လစီကို အားလုံးနားလည်သဘောပေါက်အောင် ချမှတ်လုပ်ဆောင်သွားဖို့ စည်းရုံးဖို့ အဲဒီလို ကျနော်တို့ မျိုးစဉ်းစားတာပါ။
မေး-ကရင်နီပြည်နယ်မှာ ၁၆ မြို့နယ်ဆိုတာ KNPPက သတ်မှတ်ထားတာလား။
ဖြေ- ဟုတ်တယ်။ ကျနော်တို့ ကရင်နီက မြို့နယ်က ၁၆မြို့နယ်ရှိတယ်။ သူတို့ စကစတွေက မဆလ ခေတ်ကတည်းကဆို ၇မြို့နယ်ပေါ့ မယ်စဲ့မပါဆိုရင်။ ကျနော်တို့က အခုက မူလ KNPP ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံတွေကတော့ ကျနော်တို့ဟာ ကျနော်တို့သွားမယ်။ပြီးရင် သူတို့ KSCC အောက်ကရေးမယ့်ဖွဲ့စည်းပုံလည်း သွားမယ်ပေါ့။ ရုတ်ရက်ကြည့်ရင်တော့ လူထုတွေကိုယ်၌က ဝေဝါးတာမျိုးရှိမှာပေါ့။ ဒါပေမဲ့ လုပ်ရင်းလုပ်ရင်းနဲ့ ကျနော်တို့ ရှင်းလင်းချပြမယ်။ သူတို့လည်း နားလည်သဘောပေါက်လာမယ်ဆိုရင် ကျနော်တို့က ကျနော်တို့လိုချင်တဲ့ မူလ ပုံစံရောက်ရင်ရောက်သွားမှာပေါ့။ ဒါမှမဟုတ်ရင်လည်း အဲဒီ ဖက်ဒရယ်အတိုင်းရေးထားတဲ့ ဖွဲ့စည်းပုံအတိုင်း သွားမယ်ဆိုရင်လည်း ဒါက လူထုအတွက်လည်း အကျိုးမယုတ်ဘူး ကျနော်တို့အတွက်လည်းအကျိုးမယုတ်ဘူး တစ်နေ့နေ့တော့ တစ်ခုခု တော့ ပြန်သုံးရမှာပေါ့။ အဲဒီလိုမျိုးပေါ့။
မေး-စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မဟုတ်ရင်အလုပ်ဖြစ်တယ်ဆိုတဲ့သဘောလား။
ဖြေ-အဲဒီလိုပဲ။ နောက်ပြီးတော့ KNPP ရဲ့ ကရင်နီအစိုးရ ဆိုတာ ၁၉၄၆ ခုနှစ်ကတည်းက ရှိလာတယ်လေ။ ရှိလာတော့ ကျနော်တို့က အဲဒါကို ထိန်းလာရင်းနဲ့ KNPP ဆိုတာ ပေါ်လာတယ်။ နိုင်ငံရေးဦးဆောင်တဲ့ ပါတီ ဖြစ်လာတော့ တချို့က KNPP ရဲ့ မူဝါဒ သဘောထားကို လက်ခံချင်တဲ့သူ ရှိချင်မှ ရှိမယ်။ ဒါပေမဲ့ အုပ်ချုပ်ရေးပိုင်း အစိုးရပိုင်းမှာ ပူးပေါင်းဆောင်ရွက်လို့ရအောင် ဆိုပြီးတော့မှ IEC (ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ)ဆိုတာဖွဲ့လိုက်တာပါပဲ။
မေး-IEC ဖွဲ့စည်းတာမှာကနဦး ၆ဦးပဲရှိသေးတာဆိုတော့ အောက်က ဌာနတွေကျတော့ ဘယ်လိုဆက်သွားမလဲ။
ဖြေ-အခုက ၆ဦးပဲရှိသေးတယ်။ သူတို့ ဆွဲထည့်အုံးမယ် အတက်ပညာရှင်တွေ ပြင်ပက လူတွေလည်း ပါရင်လည်း ပါလာအုံးမှာပေါ့။ ဒါပေမဲ့ ကနဦးက ခြောက်ဦးနဲ့ဖွဲ့တယ်။ ပြီးရင် အောက်မှာ သူ့ပညာရေး ကျန်းမာရေး အဲဒီလို ကဏ္ဍတွေရှိတယ်။ ကျန်းမာရေးဌာန၊ ပညာရေးဌာန အခြားဌာနတွေရှိအုံးမယ် ဥပမာ ပြည်ထဲရေးဌာနတို့ ဘာတို့လည်းရှိမယ်။ လူမှုကယ်ဆယ်ရေးတို့ အများကြီးပေါ့။ အဲဒီထဲမှာလည်း ကျနော်တို့ KNPPက လူတွေ ဝင်ပါဖို့ ပြီးတော့မှ ခုန ပြောသလို အားလုံးနားလည်အောင် ကျနော်တို့ မူလ ပင်မ ကရင်နီ အစိုးရရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံကို ညှိနှိုင်းရမှာပေါ့ သူတို့နဲ့။
မေး-လောလောဆယ်မှာတော့ ကောင်စီက ဌာနဆိုင်ရာတွေရှိမယ် KNPPကလည်း ဌာနဆိုင်ရာတွေ ဆက်ရှိနေမှာပေါ့။
ဖြေ-ဆက်ရှိနေမယ်။ နှစ်ခုရှိနေမယ် ရှင်းရှင်းပြောရရင်။ (ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ က ဖွဲ့စည်းမယ့် ဌာနတွေနဲ့ KNPP ရဲ့ ကရင်နီအစိုးရ ဌာနဆိုင်ရာ နှစ်ခုရှိနေမယ်) အားလုံးကတော့ KNPP အရင် ကရင်နီ အစိုးရရဲ့ မူပေါ်လစီကို လူထုတွေက ထောက်ခံထားပြီးသားပဲလေ။ တစ်ဖက်မှာ ရောထွေးအုပ်ချုပ် သူတို့လည်း ပါမယ် ကိုယ်တို့(KNPP) လည်းပါမယ် ဆိုတဲ့ ဒေသမျိုးမှာတော့ ညှိနှိုင်းဆောင်ရွက်ရမယ့်အပိုင်းလေးတွေရှိမှာပဲပေါ့။
မေး-အခု IECမှာ KNPP၊ KNDF အပြင် အခြား ဘယ်အစုအဖွဲ့တွေ ပါဝင်ပါသေးလဲ။
ဖြေ-ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ မှာက KNPP၊ KNDFရယ် နောက် လူမှုအသင်းအဖွဲ့ပါတယ်။ CSO တွေပေါ့။ အဓိကအဲဒါပါတယ်။နောက်တချို့ ပါလာနိုင်တာက တက်သိပညာရှင် အဲဒါမျိုးတွေပေါ့။ လောလောဆယ် အစုအဖွဲ့ ၅ခုလောက်ပဲပါတာပေါ့။ ကျနော်တို့ KNPP ရယ် နောက်ပြီးတော့မှ KNDF ရယ် နောက်ပြီး CSO ရယ် နောက်ပြီးတော့မှ နိုင်ငံရေးပါတီတချို့ပါတယ်။ ဥပမာ KYSDP ဆိုတာ အခုက KSDP ဖြစ်သွားပြီ ကရင်နီ စတိတ် ဖြစ်သွားပြီ။ ကယားစတိတ်မဟုတ်တော့ဘူး။ အဲဒါမျိုးနိုင်ငံရေးပါတီတွေ။ တချို့လည်း NLD ထဲက ကျနော်တို့ အမျိုးသားတွေလည်း ပါရင်လည်း ပါလာမှာပေါ့။
မေး- အခု IEC ဖွဲ့စည်းတာကို NUG အပါအဝင် အားလုံးက ကြိုဆိုကြတာတွေ့ရပါတယ်။ အခုလို ဖွဲ့စည်းနိုင်မှုအပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ-ကျနော်တို့က တစ်နေ့ ဖက်ဒရယ်ကို သွားမယ်ဆိုရင် ပြည်နယ်အစိုးရက ရှိရမှာပဲလေ။ အားလုံး ပါဝင်တဲ့ အားလုံးဘယ်အင်အားစုပဲဖြစ်ဖြစ် ပါလာအောင် ကျနော်တို့က ပိုပြီးတော့မှ အားလုံး ပါဝင်သင့် ပါဝင်ထိုက်သူတွေပါအောင် နောက်ပြီး ကျနော်တို့ဖက်ဒရယ်သွားတဲ့အခါကျရင် အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေ အဖြေရလဒ်တွေဖြစ်ရင် အားလုံးအတွက် အကျိုးရှိမယ်ဆိုပြီးမှ အဲဒီလို ဖွဲ့ထားခြင်းဖြစ်တာပဲလေ။တချို့ကတော့ မပါနိုင်သေးဘူးပေါ့။ ကလလတ တို့ကတရားဝင်မပါနိုင်သေးဘူး။ ကယောနီတို့ ၊ KNSO တို့ ကယန်းပြည်သစ်ကတော့ သူက သူ့ပြည်သစ် ထူထောင်ဖို့ သီးသန့် ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်ထဲမှာ သူတို့ အဲဒီလို လုပ်ထားတာတွေလည်းရှိတယ်။ အမှန်ကတော့ ကျနော်တို့က အရင်တုန်းက တပြည်နယ်ထဲပါပဲ ကရင်နီထဲမှာ အကုန်လုံးပါတယ်။
မေး-တချို့ တရားဝင်မပါသေးပေမယ့်ချိတ်ဆက်ဆောင်ရွက်တာတွေရှိနေတာမျိုးလား။
ဖြေ-တရားဝင်မပါသေးပေမယ့် ဘေးကနေပံ့ပိုးတာမျိုးတွေလည်းရှိပါတယ်။
မေး-သူတို့က တစ်ဖက်ကလည်း စစ်ကောင်စီနဲ့ ဆက်စပ်နေလို့ တရားဝင်မပါတဲ့သဘောမျိုးလား
ဖြေ- သူတို့က ကြည့်လိုက်ရင် အခွမှာနေတယ်။ အခွမှာနေသလိုမျိုး ကျနော်တို့အမြင်က အဲဒီလိုမြင်တယ်။ သူတို့ကတော့ သူတို့ကိုယ်သူတို့ ဘယ်လိုမြင်လဲတော့မသိဘူး။
မေး-တစ်ဖက်မှာ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းတာကို ပြည်ထောင်စုနဲ့ သီးခြားလိုမျိုး လုပ်တယ်လို့ ပြောတာမျိုးရှိနေတယ်။ ဒီဖွဲ့စည်းမှုက ပြည်ထောင်စုနဲ့ သီးခြားမဟုတ်ဘဲ ဖက်ဒရယ်ယူနစ်တစ်ခု အနေနဲ့ ဖော်ဆောင်တယ်လို့ပြောရလား။ ရှင်းပြပါလား။
ဖြေ-ကျနော်တို့က ခွဲထွက်ဖို့ရည်ရွယ်ချက်မရှိပါဘူး။ ဒါပေမယ့် ကျနော်သတင်းထဲမှာတွေ့တယ်။ တချို့က ပြောတာက ကယားပြီးရင် ကရင်လည်းလာမယ် ဒါခွဲထွက်ရေး ပေါ့။ ဒါစစ်အစိုးရရဲ့ အာဘော်။ သူတို့က ဟိုး ဦးနုခေတ်ကတည်းက ခွဲထွက်ရေးဆိုတာက ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးပဲလို့ သူတို့က မှိုင်းတိုက်ထားတာ။ ကျနော်တို့က ဘယ်လိုပြောမလဲဆိုရင် ကိုယ့်ပြည်နယ် သာယာအေးချမ်းပြီဆိုရင် အဓိကလည်း အဲဒါပဲလိုချင်တာ။ ပြည်နယ် သာယာအေးချမ်းမယ် လုံခြုံမှုရှိမယ် အဓိကတော့ သာယာ၀ပြောတဲ့ ပတ်ဝန်းကျင်နဲ့ ဘ၀လုံခြုံမှု ရှိတဲ့အခြေအနေမျိုးရောက်ရင် ကျနော်တို့က ခွဲထွက်ဖို့မရှိပါဘူး။ ခွဲထွက်ဖို့ အင်အားလည်းမရှိဘူးလေ။
မေး-အခုလုပ်တာက ဖက်ဒရယ်ပြည်ထောင်စု ပီပီပြင်ပြင်ပေါ်လာဖို့ လုပ်တာလို့ ပြောလို့ရသလား။
ဖြေ-ကျနော်တို့က အခု စံပြလား ပိုင်းလော့လား အဲဒီလိုမျိုးလုပ်ပြလိုက်တာပဲပေါ့ ပြောမယ်ဆိုရင်။ အခြေအနေကလည်း အဲဒီလိုဖြစ်နေတယ်။ ခုနပြောသလိုမျိုး အခြားအဖွဲ့တွေ မပါနိုင်သေးပေမယ့် သူတို့အတွက်ပိတ်ထားတာမျိုးမရှိဘူး။ သူတို့လည်း တစ်နေ့ကျရင် ပါဝင်နိုင်တဲ့အချိန် ပါဝင်ဖို့ပေါ့။ အဓိက ကျနော်တို့ KSCC ရဲ့မူက လူထုဘက် တသားတည်းရပ်တည်ပြီးတော့မှ စစ်အာဏာရှင်စနစ် ပြုတ်ကျအောင်တိုက်ဖို့ အဲဒီဟာမျိုးတွေရှိတယ်။ထုတ်ပြန်ကြေညာချက်ထဲမှာ အဲဒီလို တစ်ချက်ပါတယ်လေ။ ဒါပေမဲ့ ဟိုအဖွဲ့တွေက ခုန မပါနိုင်သေးတဲ့အဖွဲ့တွေက အဲဒီ အချက်ကို သူတို့ လက်မခံတာ။ စစ်အစိုးရ ပြုတ်ကျအောင်တိုက်မယ်ဆိုတာ သူတို့ အဲဒီ စကားလုံးကြောင့် သူတို့ မပါဝင်ရဲဘူးလေ။
မေး-အခြားဘာတွေပြောလိုပါသေးလဲ။
ဖြေ-အဓိကတော့ ကျနော်တို့ ပြည်နယ်အစိုးရ ပြည်နယ်အုပ်ချုပ်ရေးကောင်စီပေါ်ပေါက်လာပြီဆိုရင် ကျနော်တို့အနေနဲ့က အဓိကခွဲထွက်ဖို့လည်း မဟုတ်ဘူး။ ပြီးတော့ အားလုံးပါဝင်နိုင်တဲ့ အခြေအနေတစ်ခု အစုအဖွဲ့တစ်ခုဖြစ်လာအောင် ကျနော်တို့လုပ်တာ။ ကျနော်တို့ စတန့်ထွင်ပြီးတော့ လုပ်တာလည်းမဟုတ်ဘူး။ နာမည်ကြီးအောင် လုပ်တာလည်းမဟုတ်ဘူး ။ဒါပေမဲ့ ခေတ်အခြေအနေအရ ဒီအခြေအနေ ရောက်သင့်ပြီဆိုတာ ကျနော်တို့ လုပ်တဲ့ အနေအထားမျိုးပါ။ ။
