▪︎မြန်မာနယ်စပ်တိုက်ပွဲသတင်းတွေကိုထိုင်းမီဒီယာတွေက ပြည်သူတွေအထိတ်တလန့်မဖြစ်အောင် အကြိမ်ကြိမ်စီစစ်ဖော်ပြဖို့ ထိုင်းအစိုးရတိုက်တွန်း
▪︎ထိုင်းနယ်စပ်တွင် မြန်မာစစ်ဘေးရှောင် ၄၀၈၅ ဦးလာရောက်ခိုလှုံ့နေ
မြန်မာဖက်မှာ တိုက်ပွဲ ပြင်းထန်နေတဲ့ နယ်စပ်တဝိုက်ကို အသွားအလာ မလုပ်ကြဖို့ ကထိုင်းအာဏာပိုင်တွေက မဲဟောင်ဆောင်ပြည်နယ်မှာသတိပေး ကြေညာချက်တွေ ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။
မယ်ဆရိုင်နဲ့ ခွန်ယွမ် ခရိုင်တို့လိုမြန်မာနယ်စပ်နဲ့နီးတဲ့ ဒေသတွေမှာ လုံခြုံရေး အခြေအနေ စိတ်မချရသေးတာကြောင့် အတတ်နိုင်ဆုံး အသွားအလာ မလုပ်ဖို့ ထိုင်း-မြန်မာ နယ်ခြားစောင့် ကွပ်ကဲမှုဌာနက ထိုင်းနိုင်ငံသားတွေကို အကြံပြု တိုက်တွန်းထားတာ ဖြစ်ပါတယ်။ အဲဒီနေရာတွေနဲ့ ထိစပ်နေတဲ့ မြန်မာဖက်ခြမ်းမှာ အာဏာသိမ်း စစ်တပ်နဲ့ ကရင်နီ တော်လှန်ရေးအင်အားစုတွေ ဇွန်လ ၁၃ ရက်ကတည်းကတိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပါတယ်။
ထိုင်းကတော့ ပဋိပက္ခတွေမှာ ဝင်ပါမှာ မဟုတ်သလို ဘယ်ဖက်ကမှ ထိုင်းပိုင်နက်ကို အသုံးချပြီး အသာစီး ယူနိုင်အောင် ခွင့်ပြုပေးမှာ မဟုတ်ဘူးလို့ သတိပေးထားပါတယ်။ နောက်ပြီး ထိုင်းမီဒီယာတွေ အနေနဲ့ နယ်ခြားမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအကြောင်း ဖော်ပြတဲ့အခါ သတင်းအမှားကြောင့် ပြည်သူတွေ အလွန်အကျွံ အထိတ်တလန့် မဖြစ်အောင် အကြိမ်ကြိမ် ပြန်လည် စိစစ်ဖို့လည်း နယ်ခြားစောင့် ကွပ်ကဲမှု ဌာနက တောင်းဆိုထားပါတယ်။
မြန်မာဖက်ခြမ်းက မယ်စဲ့မြို့နယ်ဖက်မှာတိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် အနီးတဝိုက် ဒေသခံတွေက ထိုင်းနိုင်ငံဖက်ခြမ်းကို စစ်ဘေးရှောင်နေကြရပြီး ယာယီ စခန်းနှစ်ခုမှာ ခိုလှုံနေတဲ့ ကရင်နီ ဒုက္ခသည် ၄၀၈၅ ဦး ရှိလာပြီလို့လည်း ဇွန်လ ၂၃ ရက်မှာ ထိုင်းက ထုတ်ပြန်ပါတယ်။
အဲဒီ ဒုက္ခသည်တွေကိုထိုင်းအာဏာပိုင်တွေက စားနပ်ရိက္ခာ၊ သောက်ရေနဲ့ တခြား အရေးတကြီး လိုအပ်တဲ့ အကူအညီတွေအပြင် ကျန်းမာရေး စောင့်ရှောက်မှုတွေပါ ကူညီ ပံ့ပိုးထားကြောင်း နယ်ခြားစောင့် ကွပ်ကဲမှု ဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
စစ်ပြေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ ဧရိယာ တဝိုက်ဟာ ခြင်ပေါပြီး ငှက်ဖျားရောဂါ အန္တရာယ် ခြိမ်းခြောက်မှု ကြီးကြီးမားမား ရှိနေတဲ့အတွက် သွေးစစ်မှုတွေ ပြုလုပ်ပေးနေပြီး လိုအပ်သလို ထိထိရောက်ရောက် ကုသနိုင်အောင် ပြင်ဆင်ထားတယ်လို့လည်း ထိုင်း ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။
မြန်မာဖက်မှာ ပဋိပက္ခတွေ အရှိန်အဟုန် အရမ်းအားကောင်းလာတဲ့အပေါ် ထိုင်းက အနီးကပ် လေ့လာ စောင့်ကြည့်နေသလို တော်ဝင်ထိုင်းစစ်တပ်ကလည်း လေကြောင်းကနေ ကင်းထောက်ပြီး အခြေအနေတွေကို အချိန်နဲ့တပြေးညီ လေ့လာနေတယ်လို့ ဆိုပါတယ်။
ကိုးကား-Thai PBS
