စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ တဲစုကျေးရွာတွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူ ၉ဦးထိမှန်ကာ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယနေ့ (ဇွန်လ ၂၄ ရက်) နံနက် ၅နာရီခန့်က အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီတပ်သည် တဲစုကျေးရွာသို့ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်၍ ကျေးရွာအတွင်း ဝင်ရောက်စီးနင်းခဲ့သည်။
စစ်ကောင်စီတပ် ပစ်ခတ်ခဲ့သော လက်နက်ကြီးကြောင့် တဲစုကျေးရွာနေ ဒေသခံ(၉)ဦးထိမှန် ကာ အသက်(၄၅)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း၊ ကျန်(၈)ဦးမှာလည်း ဆေးကုသမှုခံယူနေရဆဲဖြစ်ပြီး အသက်အန္တရာယ်စိုးရိမ်ရသူများလည်း ရှိနေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။
“ရွာခြေရင်း တံတားမှာတစ်လုံး၊ ရွာထဲနှစ်လုံးလို့ပြောတယ်။ ကွင်းတွေထဲကျတာ။ ထွက်ပြေးချိန်ထိတာ။”ဟု ဒေသခံတော်လှန်ရေးရဲဘော်တစ်ဦးဖြစ်သူ ကိုနေသူရက ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်သည် တဲစုကျေးရွာရှိ ကားတစ်စီးအား မီးရှို့ဖျက်ဆီးသွားခဲ့ပြီး မွန်းလွဲပိုင်းတွင် မြစ်တော်ကျေးရွာကို ပစ်ခတ်ဝင်ရောက်ကာ ညအိပ်တပ်စွဲထားသည်။
အဆိုပါစစ်ကြောင်းကြောင့် တဲစု၊ဗအိုး၊ကံသာယာ၊ကံသစ် စသည့်ကျေးရွာများရှိ ဒေသခံပြည်သူ ၄,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများ လိုအပ်နေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။
ဇွန်လ၁၉ ရက်ကလည်း ခင်ဦးမြို့နယ်၊ ရှင်မင်းတွေကျေးရွာအနီးတွင် စစ်ကောင်စီတပ် စစ်ကြောင်းမိုင်းထိပြီး စစ်ကြောင်းမှူးအပါအဝင် ၆ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။
