-ဆလိုင်းမာန်အောင်/People’s Spring
မိုးရွာပြီးစ တိမ်ခိုးတွေဝေနေတဲ့ ဇာတိချက်ကြွေ မွေးရပ်မြေ မြို့လေးကို မျက်ဝါးထင်ထင် မြင်လိုက်ရချိန်မှာဝမ်းသာ၊ ဝမ်းနည်း ခံစားမှုနှစ်မျိုးစလုံး သူ့ရင်ကို စုပြုံဝင်တိုးလာတယ်လို့ ချင်းတော်လှန်ရေးရဲဘော်ကိုဟာကလေးက ဆိုပါတယ်။
ဝိတိုရိယတောင်တန်းကြီးရဲ့ အခြေက ချင်းတောင်ပေါ်မြို့လေး။ပုံတောင်ပုံညာတောင်တန်းကြီးနဲ့လည်းအလှမ်းအဝေးလှသလို ရာသီမရွေး တိမ်ခိုးဝေနေတတ်တဲ့ တောင်ပေါ်မြို့လေး။ ယောတိုင်းဌာနေလို့ တခုတ်တရခေါ်တတ်ကြတဲ့ယောဒေသနဲ့ ထိစပ်နေတဲ့ ချင်းပြည်နယ် မင်းတပ်မြို့လေးရဲ့ ဒီကနေ့(ဇွန် ၂၃) မနက်မှာတော့ တိမ်တွေကြားမှာ ၊တိမ်တွေပေါ်မှာ မြို့ကလေးရဲ့ အလှကပိုပေါ်လွင်နေပါတယ်။




တိမ်းလွှာဖြူဖြူတွေဟာမြို့လေးကိုအုပ်ဆိုင်းနေပါတယ်။ တိမ်တွေကြားကနေ တောင်စဉ်တောင်တန်းတစ်ခုကို ဝိုးတဝါးလှမ်းမြင်နေရပါတယ်။ဒီတောင်စဉ်တောင်တန်းရဲ့ အနောက်မှာတော့ ချင်းပြည်နယ်ရဲ့ သဘာဝအမွေဖြစ်တဲ့ဝိတိုရိယတောင်ကြီးက ခန့်ခန့်ထည်ထည်ကြီး တည်ရှိနေပါတယ်။
“ဟိုးနောက်ဘက်မှာက ဝိတိုရိယတောင်ကြီးရှိတယ်။ ဒီနေ့တော့ မမြင်ရပါဘူး။ တိမ်တွေက ၁၅ ပေ၊ ပေ ၂၀ကိုတောင် မမြင်ရတော့ဘူး။တစ်အိမ်နဲ့ တစ်အိမ်တောင် ဝါးဝါးပဲမြင်ရတယ်။တခါတခါလည်း တအားပွင့်သွားတာ”
တိမ်ခိုးတွေအုံ့ဆိုင်းနေပြီး တိတ်ဆိတ်နေတဲ့ သူ့ဇာတိမြို့လေးရဲ့ အလှကို ရဲဘော်ကိုဟာကလေးက ငေးကြည့်နေရင်းကပြောပြနေပါတယ်။
ဟိုးတုန်းကဆိုရင်တော့ ဒီမြင်ကွင်းကို ဘယ်သူမဆို ဘယ်အချိန်ကြည့်ကြည့် ကြည့်လို့ရပါတယ်။ စစ်အုပ်စုအာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ လနောက်ပိုင်းကစပြီး မင်းတပ်မြို့ခံတွေရော၊ ချင်းတောင်တန်းနဲ့ သဘာဝကိုချစ်သူတွေဟာ ဒီအခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။ စစ်အာဏာရှင်တော်လှန်ရေးအတွက် ချင်းတောင်တန်းသားတွေ သမိုင်းပေးတာဝန်ကို နောက်မရွံပဲထမ်းရွက်ခဲ့ကြပါတယ်။ ညီညွတ်ခဲ့ကြတယ်။


ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုသူတွေကို စစ်တပ်က ရက်ရက်စက်စက် ပစ်ခတ်ဖြိုခွင်းလာတဲ့အခါ တစ်ချိန်က အမဲလိုက်တဲ့ တူမီးတွေက အကြမ်းဖက်စစ်သားတွေကို အမဲလိုက်ဖို့ဖြစ်လာခဲ့တယ်။ ချင်းတူမီးတွေက တွေဝေမနေဘဲ ခုခံတော်လှန်ခဲ့ကြတယ်။အဲ့ဒီနောက်မှာတော့ ချင်းတောင်တန်းဝန်းကျင်မှာ နဂိုရှိပြီးသား တိမ်ခိုးငွေ့တွေ ကြားထဲကို ယမ်းငွေ့တွေ ရောယှက်ပါဝင်လာတတ်တယ်။
“ဟိုတလောလေးကလည်း ကျွန်တော် ခိုးပြီး မြို့ကို ပြန်လာသေးတယ်။ လွမ်းလို့လေ။မြို့ကို မြင်ရတော့ စိတ်ထဲ ပျော်သလိုလို၊ဝမ်းသာသလိုလို၊ ဝမ်းနည်းသလိုလိုပါ”
မြို့လေးရဲ့ ပကတိအလှကို မြင်ရချိန် ကိုဟာကလေးတစ်ယောက် ပျော်ရွှင်မိတာက စစ်အာဏာရှင်တော်လှန်ရေး အောင်မြင်ပြီး မကြာခင် အိမ်ပြန်ရမယ်လို့ တထစ်ချယုံကြည်စိတ်ကြောင့်ဖြစ်ပါတယ်။ ဝမ်းနည်းတာကတော့ စစ်အာဏာရှင်တော်လှန်ရေးအတွက် မြို့ခံရဲဘော်ရဲဘက်တွေနဲ့အတူ အားစိုက်နေရချိန် သူချစ်တဲ့ မြို့လေးရဲ့ အဝေးမှာနေနေရတာကြောင့်ပါ။
သဘာဝကို ချစ်တတ်သူဖြစ်သလို အပျော်တမ်းဓာတ်ပုံဆရာလည်း ဖြစ်တဲ့ ကိုဟာကလေးကတော့ တော်လှန်ရေးကာလ သူရောက်နေတဲ့ နေရာကနေ သူ့ဇာတိမြို့လေးကိုမကြာခဏ လှမ်းကြည့်တတ်ပါတယ်။

“ပြောမပြတတ်အောင်လွမ်းတယ်။ အခုက ၂နှစ်ကျော်ပြီ ခွဲနေရတာ။ တခါတလေ အဝေးကနေ လှမ်းလှမ်းကြည့်တာ မီးရောင်လေးတွေ မြင်နေရတာတို့၊ ကင်မရာနဲ့ zoom ဆွဲကြည့်ချိန်တို့ဆို ပိုသတိတယ်။ အရမ်းလွမ်းတယ်။ ဒရုန်းနဲ့ကြည့်လိုက်၊ ကင်မရာနဲ့ ကြည့်လိုက်နဲ့ အလွမ်းဖြေနေရတယ်”နာကျင်စရာ ဒီအခြေအနေတွေဟာ ယာယီသာ ဖြစ်ပြီး စစ်အာဏာရှင်တော်လှန်ရေး အောင်မြင်မှုနဲ့အတူ ဟိုးယခင်ကလို ယမ်းငွေ့ကင်းစင်တဲ့ ချင်းတောင်တန်းကြီးကို ပြန်မြင်ရတော့မယ်လို့ ကိုဟာကလေးက ယုံကြည်နေပါတယ်။
ချင်းပြည်နယ်ရဲ့ လတ်တလော စစ်ရေးအခြေအနေက ထန်တလန်မြို့ကို စစ်ကောင်စီတပ်က ဟားခါးဘက်ကနေအင်အားတိုးဖို့ ထိုးစစ်ဆင်နေပါတယ်။ ဒီအခြေအနေကို ဟန့်တားဖို့ ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေက မုတ်သုံကာလ မိုးထဲရေထဲမှာကြိုးစားနေပါတယ်။ ဒါကြောင့် ဇွန်လဆန်းကတည်းကဟားခါး – ထန်တလန်လမ်းပိုင်းမှာ စစ်ရေးတင်းမာနေပါတယ်။ဒါပေမယ့်ထိုးစစ်ဆင်လာတဲ့စစ်တပ်ကရှေ့မတိုးနိုင်တော့ပါဘူး။ ထန်တလန်မြို့ရဲ့ ဧရိယာအများစုကိုချင်းပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပါတယ်။တစ်မြို့လုံးကိုထိန်းချုပ်စိုးမိုးနိုင်ဖို့လည်း ချင်းပူးပေါင်းတပ်ဖွဲ့ဝင်တွေက အဆင်သင့်ရှိနေပါတယ် ။ တပ်ကုန်းတစ်ခုတည်းပဲကျန်တဲ့ စစ်ကောင်စီတပ်စွဲထားရာနေရာကို မတိုက်ကြသေးတာကလည်း အထက်ကနေတိုက်မိန့်မပေးသေးလို့သာဖြစ်တယ်လို့ချင်းရဲဘော်အချို့ကပြောပါတယ်။

ကန်ပက်လက်မြို့ဘက်မှာတော့ ဇွန်လ ၁၆ရက်က တိုက်ပွဲတွေဖြစ်ခဲ့ပြီးတော့ အဲ့ဒီနောက်ပိုင်း ငြိမ်သက်နေပါတယ်။ ကိုဟာကလေးတို့ရဲ့ မင်းတပ်မြို့မှာတော့ ဇွန်လ ၁၈ရက်နေ့ ညကတစ်ကြိမ်၊ဇွန်လ ၁၉ရက်က တစ်ကြိမ် တိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။ လတ်တလောမှာတော့ ငြိမ်သက်နေပါတယ်။ချင်းတောင်တန်းကြီးရဲ့ ကျန်ဒေသတွေမှာတော့ စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုရှိမနေတာကြောင့် အခြေအနေတွေ ငြိမ်သက်နေသေးတယ်။ချင်းတောင်ရဲ့မြို့ ပေါ်ဧရိယာတွေကို စစ်တပ်ကထိန်းချုပ်ထားနိုင်သေးပေမယ့် ကျေးလက်ဒေသတွေကိုတော့ ချင်းပူးပေါင်းတပ်တွေက ထိန်းချုပ်စိုးမိုးထားပါတယ်။ဒါကြောင့် ချင်းပြည်နယ်တစ်ခုလုံးရဲ့ ဧရိယာအများစုကို ချင်းပူးပေါင်းတပ်တွေကထိန်းချုပ်ထားတာဖြစ်ပါတယ်။
ကိုဟာကလေးရဲ့ဇာတိမင်းတပ်ဒေသရဲ့လတ်တလော စစ်ရေးအခြေအနေကတခါတလေ လေပြေတိုက်သလို အေးအေး ဆေးဆေး ရှိပေမယ့် တခါတလေတော့လည်း မုန်တိုင်းလို ထန်တတ်ပါတယ်။ ဒီရက်ပိုင်းမှာတင် စစ်ကောင်စီတပ်ယာဉ်တန်းတစ်ခုက မင်းတပ်နဲ့ ၁၈မိုင်ခန့်အကွာက ယောဒေသ ကျောက်ထုမြို့မှာ ရောက်နေပြန်ပါပြီ။ မင်းတပ်ဘက်ကို တက်လာခဲ့ရင်တော့ စစ်ရေးပြင်ရပေအုံးတော့မယ်လို့ ချင်းကာကွယ်ရေးရဲဘော်တွေကပြောပါတယ်။
