စစ်အုပ်စုသောင်းကျန်းနေ၍ မြောင်နယ်ဒေသခံ တစ်သောင်းခွဲကျော် ထွက်ပြေးနေရ
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ MSPDF၏ စခန်းအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီးနောက် သောင်းကျန်းနေ၍ ဒေသခံပြည်သူတစ်သောင်းခွဲကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့ (မတ်လ ၁၃ ရက်) နံနက်၅နာရီခန့်က စစ်ကောင်စီတပ်သည် မြောင်မြို့နယ်၊ ပရိမ္မကျေးရွာအားဝင်ရောက်စီးနင်း၍ အရပ်သားသုံးဦးအားဖမ်းဆီးခေါ်ဆောင်ပြီး စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၄)- MSPDF၏ စခန်း(၃)အား မီးရှို့ဖျက်ဆီးသွားကြောင်း MSPDF၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စခန်းရှိ ဆက်သွယ်ရေးပစ္စည်းများ၊ မိုင်းပစ္စည်းများအပါအဝင် ကာလတန်ဖိုး ကျပ်သိန်းနှစ်ရာဖိုးခန့် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း MSPDF၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ အကုန်ရစရာမရှိအောင်ဘဲပန်းကန်တွေကအစ။ ပစ္စည်းတွေက ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းက ပရိမ္မရွာမီးရှို့သွားတုန်းက ရွာထဲမထားရဲတော့ဘဲ စခန်းနားတဲမှာလာထားတာ။ အဲဒါတွေအကုန်လုံး ရှို့သွားကြတာ။” ဟု အထက်ပါတာဝန်ခံက ဆိုသည်။


စစ်ကောင်စီတပ်သည် ယမန်နေ့ နံနက် ၆နာရီကျော်ကတည်းက စစ်ကြောင်းနှစ်ကြောင်းဖြင့်မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများအား စစ်ကြောင်းထိုးခဲ့ပြီး ဒေသခံပြည်သူ ၁၅,၀၀၀ ကျော်ဘေးကင်းလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြောင်အခြေစိုက် CDSOM အဖွဲ့က ပြောသည်။
ယခုမတ်လအတွင်း စစ်ကောင်စီတပ်သည် ဒေသခံပြည်သူ သုံးဦးအား သတ်ဖြတ်ထားပြီး သုံးဦးဖမ်းဆီးခံထားရကြောင်း သတင်းရရှိသည်။
