အဆောက်အဦးတစ်လုံးနှင့် ကားတစ်စီး မီးလောင်
စစ်ကိုင်းတိုင်း၊ ပုလဲမြို့ရှိ စစ်အုပ်စုရှိရာ ရဲစခန်းနှင့် အထွထွေအုပ်ချုပ်ရေးမှူးရုံးကို ဒရုန်းဖြင့်တိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်မှုရှိပြီး အဆောက်အဦးတစ်လုံးနှင့် ကားတစ်စီးမီးလောင်ခဲ့ကြောင်း Salingyi Special Task Force – SSTFအဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့ (မတ်လ ၁၃ရက်) မွန်းလွဲ ၁နာရီခန့်က စစ်ကောင်စီတပ်များ အထိုင်ချတပ်စွဲထားသော ပုလဲမြို့ရဲစခန်းနှင့် ထွေအုပ်ရုံးနေရာများအား တိုက်ခိုက် ရေး Fixed Wing Droneများဖြင့် Salingyi Special Task Force – SSTF (ယင်းမာပင်ခရိုင် တပ်ရင်း ၁၄ ၊ ၁၅)က ဝေဟင်တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း SSTF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ရဲစခန်းကို ဗုံးသီးသုံးလုံးချတိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာများ ရရှိနိုင်ကြောင်း၊ စစ်သားနှင့်ရဲများအနေများသည့် ထွေအုပ်ရုံးကိုလည်း ဗုံးသီးသုံးလုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ အဆိုပါ ရုံးဝင်းအတွင်းရှိ စစ်အုပ်စုအမြဲနေလေ့ရှိသော ပြန်ဆက်ရုံးမီးလောင်ခဲ့ကြောင်း SSTF က အသိပေးသည်။
ထို့အပြင် စစ်အုပ်စု၏ ကားတစ်စီးပါ မီးကူးဆက် လောင်၍ မီးသတ်ကားများဖြင့် မီးငြှိမ်းခဲ့သည်ဟု သတင်းရကြောင်း SSTFက ဆိုသည်။
စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများနိုင်ပြီး ၎င်းတို့ဘက်က ပြန်လည်ပစ်ခတ်သော်လည်း ရဲဘော်များ အထိအခိုက်မရှိဟု SSTFက အသိပေးသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ SSTF အဖွဲ့ထံ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရသေးပေ။
အဆိုပါ စစ်ဆင်ရေးကို Salingyi Special Task Force – SSTF၊ စစ်ကိုင်းခရိုင် တပ်ရင်း -၄ (MSPDF)၊ CDSOM အနောက်ပိုင်းတိုက်ခိုက်ရေးအဖွဲ့ 001၊ အညာသား ပြောက်ကျားတပ်ဖွဲ့၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့၊ CHU PDF တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။
မတ်လ၁၂ရက်ကလည်း ဆားလင်းကြီးမြို့ရဲစခန်းအား တစ်ရက်တည်းနှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုများနိုင်ကြောင်း Salingyi Special Task Force – SSTFအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
