အဓမ္မငွေတောင်းနေသည့် စစ်ဆေးရေးဂိတ်ကိုလည်း ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အိမ်စီးကားများဖြင့်ထွက်လာသော စစ်ကောင်စီယာဥ်တန်းအား ဒေသတွင်းPDFများ တိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုရှိကြောင်း Natogyi Regional Defence Force-NRDFအဖွဲ့က သတင်းထုတ်ပြန်သည်။
မတ်လ ၉ရက် ညနေ ၅ နာရီ ၁၅မိနစ်ခန့်က မြင်းခြံမြို့ပေါ်မှ အိမ်စီးကား ခုနစ်စီးဖြင့်ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို Natogyi Regional Defence Force-NRDF နှင့် မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း တပ်ခွဲ – ၁၊ တပ်ခွဲ (၃) 27 Revolution Forcesအဖွဲ့နှင့် ဗိုလ်စားပြောက်ကျားတပ်ဖွဲ့၊ တူရွင်းဘို့နှင့် သစ်ရုံကျေးရွာကြားတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲတွင် စစ်ကောင်စီဘက်က လေးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိကြောင်း၊ 27 Revolution Forcesအဖွဲ့က ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာရခဲ့ကြောင်း NRDFက အသိပေးသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ NRDFထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
စစ်ကောင်စီတပ်သည် အိမ်စီးကားများကိုအသုံးပြုပြီး မြင်းခြံ – မန္တလေးလမ်းမကြီး၊ မြင်းခြံ – နွားထိုးလမ်းမကြီးတို့တွင် မကြာခဏ ဖြတ်သန်းသွားလာလေ့ရှိကြောင်း၊ ပြည်သူများအနေဖြင့် ည၇ နာရီမှ နောက်တစ်နေ့နံနက် ၆ နာရီအတွင်း အဆိုပါလမ်းပိုင်းများအား ခရီးသွားလာခြင်း မပြုကြရန်နှင့် အရေးကြီးကိစ္စဖြတ်သန်းပါက ကားမှန်ချပြီး ကားအတွင်းမီးများပါဖွင့်ကာ မောင်းနှင်ကြရန်နှင့် မလိုက်နာ၍ ထိခိုက်နစ်နာပါက တာဝန်ယူမည်မဟုတ်ကြောင်း NRDFက သတိပေးထားသည်။
အလားတူ မတ်လ ၁၁ ရက် မွန်းလွဲ ၂ နာရီခန့်က မြင်းခြံမြို့နယ် မြင်းခြံ – မြို့သာလမ်း၊ နဘူးအိုင်ရွာအနီးရှိ ကံလှစစ်ဆေးရေးဂိတ်အား ဒရုန်းဖြင့် ဗုံးသီးနှစ်လုံးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးပွဲချင်းပြီးသေဆုံးကြောင်း Natogyi People Defence Forceအဖွဲ့ တာဝန်ခံက ပြောသည်။
အဆိုပါ စစ်ဆေးရေးဂိတ်သည် လမ်းသွား၊လမ်းလာပြည်သူများအား မကြာခဏ စစ်ဆေးခြိမ်းခြောက်ကာ အဓမ္မငွေတောင်းနေသောဂိတ်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ သူတို့က အင်အား ဆယ်ယောက်ပတ်ချာလည်ရှိတယ်။ တခါတလေတော့ စစ်ကြောင်းထိုးလို့
အင်အားလိုတဲ့ အခါပါတယ်။ နဘူးအိုင်ကျောင်းမှာတပ်စွဲပြီး ကံလှမှာဂိတ်ချထားတာ” ဟု Natogyi People Defence Forceအဖွဲ့ တာဝန်ခံက ဆိုသည်။
အဆိုပါ စစ်ဆင်ရေးကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ်(၄) တပ်ရင်းနှင့် Myingyan District Drone Strike Team တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် မတ်လ ၁၁ရက် မွန်းလွဲ ၁ နာရီခန့်ကလည်း မြင်းခြံမြို့နယ်၊ ကုက္ကဲတောင်အရှေ့ဘက် စစ်တပ်သုံး ကားအောက်ပိုင်း ထုတ်လုပ်ရေးစက်ရုံကိုလည်း ဒရုန်းဖြင့် ဗုံးသီးလေးလုံးချ တိုက်ခိုက်ခဲ့သေးသည်။
