▪︎” စစ်ဘက်ကတော့ အရှိန်ပိုမြှင့်မယ်။ ကျနော်တို့ PDFဘက်ကခံစစ်နဲ့မဟုတ်တော့ဘူး တိုက်စစ်နဲ့ စတော့မယ်။ အခွင့်အရေးလိုချင်ရင်တော့ CDM မြန်မြန်ဝင်”
PDF-Zoland သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ကိုဂျော်နီ
ချင်းပြည်နယ် တီးတိန်မြို့ ဆေးရုံ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်-ဇိုလဲန်း(PDF-Zoland) တပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့သည်ဟု PDF-Zoland သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ကိုဂျော်နီက ပြောသည်။
ဆေးရုံ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ညပိုင်း(ယနေ့မနက် အစောပိုင်း)၌ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

“ဝင်စီးပြီး ပြန်ဆုတ်တာ။ မနက် ၁နာရီကျော်လောက်မှာ ဝင်စီးပြီးတော့ ၁နာရီခွဲလောက် တိုက်ပွဲကြာတာပေါ့။ သူတို့ စစ်ကောင်စီဘက်က အကျအဆုံးက ၄ယောက်လို့ သိထားတယ်။ သူတို့က ကျနော်တို့ ဆုတ်လမ်းတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ကြတယ်။ ရဲစခန်းအောက်က ပြည်သူ တစ်ယောက် လက်နက်ကြီးထိထားတယ်။ အသက်တော့ မဆုံးရှုံးဘူး ဒဏ်ရာရတာပေါ့” ဟုကိုဂျော်နီကPeople’s Spring သတင်းဌာနသို့ပြောသည်။
ဆေးရုံ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ နေရာမှ စွန့်ခွာသွားရာ ခဲယမ်း၊ ကျည်နှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ဟု ဓာတ်ပုံနှင့်တကွ ဖော်ပြသည်။

“စစ်ဘက်ကတော့ အရှိန်ပိုမြှင့်မယ်။ ကျနော်တို့ PDFဘက်ကခံစစ်နဲ့မဟုတ်တော့ဘူး တိုက်စစ်နဲ့ စတော့မယ်။ အခွင့်အရေးလိုချင်ရင်တော့ CDM မြန်မြန်ဝင်ပေါ့ စစ်ကောင်စီဘက်က” ဟု PDF-Zoland ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
PDF-Zoland သည် တီးတိန်မြို့နယ် နှင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ် မြောက်ပိုင်းဒေသများ၌ တိုက်ပွဲဝင်နေသည့် တပ်ဖွဲ့ဖြစ်သည်။
