အညာနွေဦးနံနက်ခင်းအလင်းရောင်အောက်တွင်အသက် ၂၀ အရွယ်လူငယ်တစ်ဦးက လေ့လာဖတ်ရှုနေသောကျောင်းစာအုပ်များကိုစားပွဲခုံပေါ်တင်လိုက်သည်။ ထို့နောက်ယူနီဖောင်းကိုခပ်မြန်မြန်လဲ၍ စစ်ရေးပြကွင်းထဲကိုအလျှင်အမြန်ပြေးသည်။
“တပ်ဖွဲ့သတိ”ဟုအောင်မြင်ခန့်ညားသောအသံဖြင့်ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ဖွဲ့ဝင်လူငယ်များကို တန်းစီပြီးနောက် ပြည်သူ့ကာကွယ်ရေးအလံကို ညီညာစနစ်ကျစွာအလေးပြုကြသည်။
PDF တပ်ဖွဲ့ဝင်များကတပ်ခွဲမှူးဦးဆောင်သည့်အတိုင်း အလံအလေးပြုခြင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ သစ္စာလေးချက်ကို သံပြိုင်ကြွေးကြော်ကြသည်။ ထိုနောက် တပ်ခွဲမှူး လူငယ်လေးက တပ်ခွဲအတွင်း တာဝန်ကျရဲဘော်များကို တာဝန်များခွဲဝေပေးနေသည်။

နေ့စဉ်တာဝန်များကိုအစီအစဉ်တကျ ခွဲဝေပြီးသောအခါကိုလွင်ဦးတစ်ယောက် စာပွဲပေါ်မှကျောင်းစာအုပ်များကိုပြန်လာယူ၍ကျောင်းသွားရန်ပြင်ဆင်တော့သည်။
နေ့တနေ့အစပြုသည်နှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်၏တာဝန်များ ၊ကျောင်းစာများဖြင့် အလုပ်များနေသူမှာ ပခုက္ကူခရိုင် တပ်ရင်း (၁၄) မှ တပ်ခွဲမှုးကို ကိုလွင်ဦး(အမည်လွှဲထားပါသည်) ဖြစ်သည်။
ကိုလွင်ဦးသည် PDFတပ်ဖွဲ့ဝင် တပ်ခွဲမှူးတစ်ဦးဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ၊ပညာရေးဝန်ကြီးဌာနက ဦးဆောင်ကျင်းပမည့် ကြားကာလပညာရေးစနစ်တက္ကသိုလ်တန်းစာမေးပွဲကိုဝင်ရောက်ဖြေဆိုရန် ကြိုးစားနေသည့် လူငယ်တစ်ဦးလည်းဖြစ်သည်။
ကမ္ဘာ့ကပ်ရောဂါကိုဗစ်ကာလမှစ၍စစ်တပ်အာဏာသိမ်းမှုကြောင့် ရပ်တန့်ခဲ့ရသည့် ၎င်း၏ ပညာရေးရည်မှန်းချက်ကို ဆက်လက်အကောင်အထည်ဖော်ရန် ကိုလွင်ဦးက ကြိုးစားနေခြင်းဖြစ်သည်။ ဒါကြောင့် လာမည့် မတ်လတွင်ကျင်းပမည့်တက္ကသိုလ်ဝင်တန်းစာမွေးပွဲကို ကိုလွင်ဦးကဝင်ရောက်ဖြေဆိုရန် ပြင်ဆင်နေခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက PDFထိန်းချုပ်နယ်မြေများတွင်ကြားကာလပညာရေးစနစ်ကိုအကောင်အထည်ဖော်နေခြင်းဖြစ်သည်။ ထိုပညာရေးစနစ်ကို တက်ရောက်ပြီး အတန်းပညာဆည်းပူးနေသည့် အထဲတွင် ကိုလွင်ဦးကဲ့သို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများလည်းပါဝင်သည်။
“ဒီစာမေးပွဲက စနစ်ဟောင်းကို ဖြေရမှာလို့ပြောတယ်။စာမေးပွဲက အရင်စာမေးပွဲတွေလို မဟုတ်ဘူး။ စာကျက်စရာမလိုဘူး၊ မေးထားတဲ့မေးခွန်းတွေကို ဖုန်းနဲ့ အဖြေတွေရွေးပြီး ဖြေပေးရမှာ”ဟုကိုလွင်ဦးက NUG၏စာမေးပွဲစနစ်ကိုရှင်းပြသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ပညာရေးဝန်ကြီးဌာနက ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဒေသခံပြည်သူများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှရဲဘော်၊ရဲများနှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ(ပကဖ)များဝင်ရောက်ဖြေဆိုမည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၈ ရက်ကထုတ်ပြန်ထားသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် အာဏာသိမ်းစစ်ကောင်စီ၏ စစ်ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်ပြီး CDMလှုပ်ရှားမှုတွင် ပါဝင်သည့် ဆရာ၊ဆရာမများကကျောင်းသား၊ကျောင်းသူများနှင့်ရဲဘော်၊ရဲမေများကို တစ်ပတ် ၇ ရက်၊တစ်ရက်လျင်နှစ်နာရီအချိန်ယူ သင်ကြားပေးခဲ့ခြင်းဖြစ်သည်ဟု NUGကဆိုသည်။
NUGက PDFများထိန်းချုပ်ထားသည့်နယ်မြေများတွင် အခြေခံပညာကျောင်းများကိုဖွင့်လှစ်ထားပြီး ကျောင်းအများစုတွင် ပြည်သူ့ကာကွယ်ရေးအလံလွှင့်တင်ပြီးဖွင့်လှစ်နေခြင်းဖြစ်သည်။
စာသင်ကျောင်းများကိုစစ်ကိုင်းနှင့်မကွေးတိုင်းတို့တွင်စစ်ကောင်စီထိန်းချုပ်ထားသည့် မြို့ပြများမှအပကျန်နယ်မြေများအတွင်းရှိ ယခင်ကျောင်းများမှာပင် ဖွင့်လှစ်သစ်ကြားပေးနေခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးဘုတ်အဖွဲ့ဝင်တစ်ဦးကပြောသည်။
“ပညာတတ်တွေ ဦးဆောင်တဲ့ တော်လှန်ရေး၊ ပညာတတ်တွေ ဦးဆောင်တဲ့ PDFတွေ ဖြစ်မှာ အားပေးဂုဏ်ယူပါတယ်”ဟု ၎င်းကပြောသည်။
NUGကာကွယ်ရေးဝန်ကြီးဌာနက လူငယ်များ ရသင့်ရထိုက်သော အခွင့်အရေးများကို တော်လှန်ရေးကာလအတွင်း မဆုံးရှုံးစေရန်အတွက် တာဝန်ယူဆောင်ရွက်ပေးခြင်းဟု ထုတ်ပြန်ထားသည်။

“ခရိုင်တပ်ရင်းတွေမှာ ခွဲမှူး၊ဒုခွဲမှူးတွေကပညာအရည်အချင်းကအရေးပါ,ပါတယ်။ ဒါကြောင့် အခုလို စာဆက်သင်ဖို့ခွင့်ပေးခဲ့တာပါ”ဟု ပခုက္ကူခရိုင်တပ်ရင်း (၁၄)တပ်ရင်းမှူးစစ်နွေကပြောသည်။
ကိုလွင်ဦးသည်နိုင်ငံအာဏာကိုစစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ဖေဖော်ဝါရီ ၁ရက်က တည်းကပင် အာဏာရှင်စနစ်ဆန့်ကျင်ရေးတွင် တက်ကြွစွာ၊အားသွန်ခွန်စိုက်ပါဝင်ခဲ့သူဖြစ်သည်။
အခြားလူငယ်များနည်းတူ အာဏာရှင်စနစ်ကို လက်နက်ဆွဲကိုင်တိုက်ပွဲဝင်ဖြုတ်ချမှသာအမြစ်ဖြတ်နိုင်မည်ဟု ယုံကြည်သူတစ်ဦးဖြစ်သည်။
ထိုကြောင့် ၂၀၂၁ ဇူလှိုင် ၁၅ ရက်တွင် ချင်းနှင့်မကွေးနယ်စပ်ရှိ NUGက ဦးဆောင်ဖွင့်လှစ်သည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် စစ်ပညာသင်ကြားခဲ့သည်။ စစ်ပညာသင်ကြားပေးခဲ့ပြီးနောက် စစ်ဌာနချုပ်တွင် တစ်နှစ်ကြာတာဝန်ထမ်းဆောင်ပြီးနောက် ပခုက္ကူခရိုင်အတွင်းကို ပြန်လာကာ ကာကွယ်ရေးတပ်ဝင်အဖွဲ့ ဝင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။
ကိုလွင်ဦးသည် PDFသက်တမ်း နှစ်နှစ်နီးပါးတွင်စစ်ကောင်စီတပ်များနှင့်ထိတွေ့တိုက်ပွဲ၊ ပြောက်ကျားတိုက်ခိုက်မှုနှင့်မိုင်းဆွဲတိုက်ခိုက်မှုပေါင်း ၃၀ကျော်တွင်ပါဝင်ခဲ့သောပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦးဖြစ်သည်။လက်ရှိတွင်ကိုလွင်ဦးတို့တပ်ခွဲသည် NUGအသိအမှတ်ပြု ခရိုင်တပ်ရင်းတစ်ခုဖြစ်သော်လည်းသူ၏တပ်ခွဲတွင်မောင်းပြန်ကဲ့သိုသေနတ်များအားနည်းနေသေး၍ စစ်ကောင်စီကိုလက်လုပ်လက်နက်
ကြီးများ၊မိုင်းများ၊လက်လုပ်တတောင့်ထိုးသေနတ်များစသည်တို့ကိုအားပြု၍တိုက်ပွဲဝင်နေကြခြင်းဖြစ်သည်။
ကိုလွင်ဦး၏ တော်လှန်ရေးအားသန်မှုကြောင့်လည်း မြို့ပေါ်ရှိ သူ၏မိသားစုမှာ စစ်ကောင်စီ၏ ဖိအားပေးမှုနှင့်ခြိမ်းခြောက်မှုများကြောင့်ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ နေအိမ်ကိုလည်းစစ်ကောင်စီကချိတ်ပိတ်ထားသည်။
“အိမ်နဲ့တော့အဆက်အသွယ်မရတာကြာပြီ။သူတို့လည်းဘေးလွတ်ရာပြေးနေရတယ်” ဟုကိုလွင်ဦးကပြောသည်။
လက်ရှိစာမေးပွဲကိုဖြေဆိုခြင်းမှာ ပညာရေးအဆက်မပြတ်ဘဲဆုံးခန်းတိုင်လို၍သာဖြစ်ပြီးတော်လှန်ရေးအတွင်းရာထူးနေရာအတွက်စသည့် အစုံတရာအကျိုးမျှော်ကိုးခြင်းမဟုတ်ကြောင်းသူကပြောသည်။
ဖြေဆိုရမည့်ဘာသာရပ် ၆ ခုတွင်အဂ်လိပ်စာနှင့် မြန်မာစာမှာ သူအနှစ်သက်ဆုံးဘာသာများဖြစ်သည်။ဘာသာစကားသင်ယူလေ့လာရသောဘာသာရပ်များဖြစ်သောကြောင့်ဖြစ်သည်။
သူအလိုချင်ဆုံးအရာမှာ အကြမ်းဖက်စစ်ကောင်စီကို ချေမှူန်းပြီးတော်လှန်ရေးအမြန်ပြီးစေလိုခြင်းပင်ဖြစ်သည်။
အာဏာသိမ်းစစ်တပ်ကိုဖြုတ်ချပြီးတော်လှန်ရေးပြီးလျှင်သူအဖြစ်ချင်ဆုံးဆန္ဒကိုအောက်ပါအတိုင်းဖွင့်ဟသည်။
“တော်လှန်ရေးပြီးရင်ရက်ပါတယောက် ဖြစ်အောင်လုပ်မယ်” ။ ။
(တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ပြင်ဆင်နေသောPDF တပ်ခွဲမှူး ကိုလွင်ဦး။ ဓါတ်ပုံ-People’s Spring)
