စစ်ကောင်စီအား ခုခံတော်လှန်မှုအားကောင်းနေသော ရွှေဘိုခရိုင်တွင် စစ်သည် ကျေးရွာနေ ပြည်သူများအားအိုးအိမ်များမဲ့ရုံသာမက လုပ်ကိုင်စားသောက်၍ မရစေရန်အတွက်ပါရည်ရွယ်၍ ဖျက်ဆီးနေသည်။ ပြည်သူများ၏တောင်ယာသုံး စက်မှုလက်မှုပစ္စည်းများ၊ လုပ်ငန်းခွင်သုံး အထောက်အကူပြုပစ္စည်းများကိုပါ ရည်ရွယ်ချက်ရှိရှိဆက်တိုက်ဖျက်ဆီးနေသည်။
လွန်ခဲ့သည့် ရက်သတ္တပတ်ခန့်ကဖြစ်သည်။ရွှေဘိုမြို့နယ်ရှိ ကျေးရွာများအား စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလ ၂၀ရက်နေ့က ထူးကြီးကျေးရွာရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့အပြင်စစ်တပ်သည် နေအိမ်များသာမကသေးဘဲကျေးရွာရှိ မိရိုးဖလာ ရိုးရာအထည်လုပ်ငန်းတစ်ခုဖြစ်သောစက်ရက်ကန်းစင်ပေါင်းတစ်ရာနီးပါးကိုပါ စိတ်ရှိလက်ရှိမီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထူးကြီးကျေးရွာသည် လက်ရက်ကန်းနှင့် စက်ရက်ကန်းများဖြင့် မြန်မာ့ရိုးရာချည်ထွက်များထွက်ရှိခဲ့သည့် ရွာကြီးတစ်ရွာဖြစ်သည်။ ယခင်ကဆိုလျှင် ကျေးရွာတစ်ရွာလုံး ကိုယ်ပိုင် ရက်ကန်းရုံလေးများဖြင့်မိသားစုတစ်နိုင်တစ်ပိုင်၀င်ငွေကိုအေးချမ်းစွာ ရှာဖွေနေထိုင်ခဲ့ကြသည်။
ထူးကြီးကျေးရွာသည် ရွှေဘိုနယ်၌ အထည် နှင့်ပတ်သက်လျှင် နာမည်ရသည့် ဆိပ်ခွန်ရွာနှင့် ချိတ်ဆက်ကာ ရက်ကန်းလုပ်ငန်းလုပ်ကိုင်ခဲ့သည်။
လွယ်အိတ်၊ တဘက်၊ လက်သုတ်ပဝါ၊အမျိုးသားဝတ် ပုဆိုးကြမ်း၊ အမျိုးသမီးဝတ် လုံချည်ကြမ်းအပြင် အမျိုးသမီးဝတ် ဝမ်းဆက်၊ ကွင်းဒီဇိုင်းအမျိုးမျိုး၊ အခြားအဆင်ပုဆိုးအမျိုးမျိုးတို့ကို ရက်လုပ်ကြသည်။
လသာသည့်ညများတွင် ထူးကြီးရွာအိမ်တိုင်း၌ ရှိသည့် လက်ရက်ကန်း ခတ်သံများအပြိုင်အဆိုင် ကြားခဲ့ရကြောင်း S&C မီးဘေးစစ်ဘေး ပညာရေး စောင့်ရှောက်မှုအဖွဲ့က ပြောသည်။
သို့သော်ယခုအခါ အာဏာလုစစ်တပ်က ရက်ကန်းစက်များကိုဖျက်ဆီးခဲ့၍ ဒေသခံပြည်သူများမှာစား၀တ်နေရေအလွန်ခက်ခဲနေကြောင်း S&C မီးဘေးစစ်ဘေး ပညာရေး စောင့်ရှောက်မှုအဖွဲ့ကပြောသည်။




ထိုကြောင့် ထူးကြီးကျေးရွာမြေပြင်အထိ ကွင်းဆင်းခဲ့ပြီး နေအိမ်များပြန်လည်တည်ဆောက်ပေးရန်နှင့် လက်ရက်ကန်းရုံများ ပြန်လည် တည်ဆောက်ပေးရန် ကြိုးစားနေကြောင်း အထက်ပါအဖွဲ့က ပြောသည်။
ရက်ကန်းစက်များတင်သာမက ကျေးရွာရှိ စိုက်ပျိုးရေးသုံးပစ္စည်းများလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
အလားတူ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ခင်ဦးမြို့နယ်တွင်လည်း စစ်ကောင်စီတပ်က ဗအိုးကျေးရွာနှင့် တဲစုကျေးရွာရှိ နေအိမ်များသာမက ကျေးရွာရှိ လျှပ်စစ်ထရန်စဖော်မာများကိုပါ ပစ်ခတ်ဖျက်ဆီးခြင်း၊မီးတင်ရှို့ခြင်းများ ပြုလုပ်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ သူတို့(စစ်ကောင်စီတပ်)ကရွာတစ်ရွာဝင်ပြီဆိုတာနဲ့ရွာထိပ်က ထရန်စဖော်မာကို အရင်ဖျက်ဆီးပစ်တာ။ ထရန်စဖော်မာကရွာတိုင်းလိုလိုကိုဖျက်ဆီးတာ။” ဟုခင်ဦးဒေသခံတစ်ဦးက ပြောသည်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ခင်းပိုင်းကလည်း ရွှေဘိုမြို့နယ် ချီပါရွာအား စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်၍ ပြည်သူပိုင် ပစ္စည်းများကိုမီးလောင်တိုက်သွင်းခဲ့ကြသည်။
စပါးရိတ်စက်များ၊ ထွေလာဂျီများ၊ ဆိုင်ကယ်များပါမကျန် မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့အပြင် ကျေးရွာရှိ ကျောင်းသားကျောင်းသူလေးများ၏ စက်ဘီးပေါင်းများစွာကိုလည်း တစ်စုတဝေးထဲစုပုံကာ မီးရှို့သွားခဲ့ကြလေသည်။
ဖေဖော်ဝါရီလ၂ ရက်နောက်ပိုင်းက ခင်ဦးနယ်ရှိ လယ်အဓိကစိုက်ပျိုးသောကျေးရွာများအား စစ်ကြောင်းထိုးခဲ့ရာ စစ်ကောင်စီတပ်က နေအိမ်များသာမကဘဲ မျိုးစပါးများကိုပါ မီးတင်ရှို့သွား၍ နွေစပါးစိုက်ပျိုးနိုင်တော့မည်မဟုတ်ကြောင်း ဒေသခံတောင်သူအချို့က ပြောကြားသည်။
“ စပါးတိုက်မှန်သမျှတန်းရှို့တာ။အခုအချိန်ကနွေစပါးစိုက်မယ့်အချိန်။ စပါးတွေက မရှိတော့ဘူး။ မီးရှို့လို့ပါသွားပြီ။ စိုက်ဖို့ရာအတွက် စပါးကမရှိတော့ပြန်ဘူး။ စပါးရှိပြန်တဲ့သူကျတော့လည်း ရေစုပ်စက်တို့ တခြားလယ်ယာသုံးပစ္စည်းတွေက မီးရှို့ခံလိုက်ရတယ်။စပါးမျိုးထပ်ဝယ်ရမယ့်အနေအထား။ စပါးမျိုးဝယ်ဖို့ကလည်း အိမ်တောင်မီးထဲပါသွားမှတော့ နဂိုကဆယ်ဧကစိုက်နိုင်ရင် ခုငါးဧကလောက်ပဲစိုက်နိုင်မယ်။” ဟု ဒေသခံပြည်သူတစ်ဦးကပြောသည်။
သို့သော် စစ်ကောင်စီတပ်သည် ထိုအပြုအမူများအား ယခုမှ ကျူးနေခြင်းမဟုတ်ေပ။တော်လှန်ရေးအားကောင်းသောဒေသများရှိ ကျေးရွာ နေအိမ်များအား ၂၀၂၁ နှစ်လယ်ပိုင်းမှစ၍ မီးရှိူ့ခြင်းကို လက်နက်လိုသဘောထား၍ ကျူးလွန်နေသည်။
၂၀၂၁ မေလမှ ၂၀၂၃ ဇန်နဝါရီလကုန်အထိ့ စစ်တပ်ကနိုင်ငံတစ်ဝန်းနေအိမ်ပေါင်း ၅၅၄၈၄ လုံးကိုမီးရှို့ခဲ့သည်။စစ်ကိုင်တိုင်းတစ်ခုတည်း ဇန်နဝါရီလကုန်အထိ့ နေအိမ် အဆောက်အအုံပေါင်း ၄၃၂၉၂ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။.၂၀၂၃ ဖေဖော်ဝါရီလတွင် စစ်တပ်က စစ်ကိုင်းတိုင်းမှ မြို့နယ် အများစုအပါအဝင် မြို့နယ် ၄၀.ကို စစ်အုပ်ချုပ်ရေး ထပ်တိုးကြေညာပြီးနောက် အကြမ်းဖက်မှုများ တိုး၍ ပြုလုပ်နေခြင်းဖြစ်သည်။
မီးရှို့ရုံဖြင့်အားမရဘဲ တောင်သူများ၏ ဆန်စပါးများ၊ ရိတ်သိမ်းပြီးစသီးနှံများ၊ မော်တော်ကား၊ ထော်လာဂျီ၊ စက်ဘီးဆိုင်ကယ်များ၊ အိမ်မွေးတိရိစ္ဆာန်ကျွဲနွားများ စသည်တို့အား မီးရှို့ဖျက်ဆီးခြင်းများ ရေတွက်၍ မနိုင်လောက်အောင်ပင် ပြုလုပ်ခဲ့သည်။
“ အကြမ်းဖက်စစ်ကောင်စီက ပြည်သူလူထုကို တစ်နေ့ထက်တစ်နေ့ပိုဆိုးပြီးအကြမ်းဖက်လုပ်ရပ်တွေကျူးလွန်နေတယ်။ တော်လှန်ရေးကလည်းနှစ်နှစ်ကျော်ခဲ့ပြီ။ဒီနှစ်ကိုအာဏာရှင်အမြစ်ဖြတ်တာနောက်ဆုံးနှစ်လို့ရည်မှန်းပြီးတိုက်သင့်ပြီ။
တော်လှန်ရေးကြာလို့ အဆင်မပြေတော့ဘူး။ကြာရင် ထိခိုက်နစ်နာမှု၊ ဆုံးရှုံးမှု သေဆုံးမှုတွေ တော်တော်လေးများလာပြီ။ ဒီနှစ်ထဲမှာပဲ အမြစ်ပြတ်အောက် ပြိုင်တူ နဂိုကထက် အဆပေါင်းများစွာ အတူတူရုန်းသင့်ပြီလို့ ပြောချင်ပါတယ်။” ဟု Khin U Special Organizations-KSO အဖွဲ့ တာဝန်ရှိသူတစ်ဦးက တိုက်တွန်းသည်။
