စစ်ကောင်စီတပ်သား အလောင်းလေးလောင်းနှင့် အသုံးဆောင်ပစ္စည်းများသိမ်းဆည်းရမိဟု ဖယ်ခုံ PDFပြော
ရှမ်း – ကယား(ကရင်နီ)ဒေသအစပ် မိုးဗြဲမြို့အရှေ့ဘက်တောင်ပေါ်ရှိ စစ်ရှောင်စခန်းမှ သက်ကြီးရွယ်အိုနှင့် ကလေးငယ်အချို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် စစ်ကောင်စီ၏ တပ်မ(၆၆) တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားအလောင်းလေးလောင်းနှင့် စစ်အသုံးဆောင် ပစ္စည်းများသိမ်းဆည်းရမိကြောင်း ဖယ်ခုံ PDF တပ်ရင်း (၂)က ယနေ့ ထုတ်ပြန်သည်။
မတ်လ ၁၂ ရက်က တပ်မ(၆၆)သည် စစ်ရှောင်စခန်းသို့ စစ်ကြောင်းထိုးရောက်ရှိလာပြီး သက်ကြီးရွယ်အိုနှင့် ကလေးအချို့ကို ဖမ်းဆီးထားခဲ့ခြင်းဟု ဆိုသည်။
စစ်ဘေးရှောင်များကယ်ဆယ်ရန် ဖယ်ခုံPDF တပ်ရင်း-၂ ၊KNDF B-03 နှင့် URFပူးပေါင်းအဖွဲ့ မှ ကြိုးပမ်းခဲ့ပြီးနောက် ညနေ ၃နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲဲ့သည်။
တိုက်ပွဲမှာ ပြင်းထန်ခဲ့ပြီး ဖယ်ခုံနှင့် မိုးဗြဲ (၄၂၂) တပ်တို့မှ လက်နက်ကြီးပစ်ကူမြောက်များစွာ အသုံးပြုသည့်အပြင် ညနေ၅နာရီခွဲတွင် တိုက်လေယာဥ်နှစ်စီးဖြင့် သုံးကြိမ်လာရောက်တိုက်ခိုက်ခဲ့ပြီး ည၇နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့သည်။
တိုက်ပွဲတွင် စစ်ကောင်စီမှ တပ်ကြပ်ကြီးနှင့် ဒု- တပ်ကြပ်အပါအဝင် အရာရှိစစ်သည်အများအပြားသေဆုံးဒဏ်ရာရပြီး အရေအတွက်ကိုမူ အတည်ပြုရန်ကြိုးစားနေဆဲ ဖြစ်သည်။
စစ်ကောင်စီအလောင်း လေးလောင်းနှင့် အဆောင်အချို့ သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
စစ်ဘေးရှောင်များကယ်ထုတ်ရန်ကြိုးစားရင်း ဖယ်ခုံ PDF တပ်ရင်း-၂မှ ရဲဘော်တစ်ဦးနှင့် KNDF B-03မှ ရဲဘော် နှစ်ဦး မြင့်မြတ်စွာကျဆုံးခဲ့ရပြီး ပူးပေါင်းအဖွဲ့မှ ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။
ဒီမိုကရေစီရရှိရေးအတွက် အသက်ပေးလှူသွားသော သူရဲကောင်းအာဇာနည်သုံးဦးအား အလေးနီပြု ဦးညွတ်ကြောင်း ဖယ်ခုံ PDF တပ်ရင်း -၂ က ဖော်ပြသည်။
စစ်ကောင်စီတပ်သည် ၎င်းတို့ ဖမ်းဆီးထားသော စစ်ဘေးရှောင်ပြည်သူအချို့ကို လူသားဒိုင်းအသုံးပြုသည့်အပြင် အသက်(၈၁)နှစ်နှင့် (၇၈)နှစ် သက်ကြီးရွယ်အို နှစ်ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး (၇)တန်းကျောင်းသားတစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခဲ့သည်။
“ ဒီနေ့ထိလည်း ပစ်ခတ်သံတွေ ကြားနေရတုန်းပဲ။ လောလောဆယ် နေရာအသေးစိတ်တော့မသိရသေး ဘူး။မြို့ထဲမှာလည်း စခ(စစ်ကောင်စီတပ်သား)တပ်တွေ ခြေရှုပ်နေတယ်” ဟု မိုးဗြဲမြို့ခံတစ်ဦးက လူထုနွေဦးသို့ပြောသည်။
စစ်ဘေးရှောင် သုံးဦးသတ်ဖြတ်ခံရပြီး အချို့လွတ်မြောက်လာပြီး လက်ရှိ မြေပြင်စစ်ရေးတင်းမာမူအရ ပြည်သူများအသွားအလာ သတိရှိရန် ဖယ်ခုံ PDF က တိုက်တွန်းသည်။
ယခုလ ၁၁ ရက်က ရှမ်း-ကယား(ကရင်နီ)ဒေသအစပ် ဖယ်ခုံမြို့နယ်၊ ကုရင်ကျေးရွာအုပ်စု တောင်ကြားတိုက်ပွဲတွင် စစ်ကောင်စီတပ်သားအလောင်း ၁၉လောင်းနှင့် ခြောက်ဦးဖမ်းဆီးရမိကာ လက်နက်၊ခဲယမ်းအများ အပြားသိမ်းဆည်းရမိခဲ့သည်။
ဖေဖော်ဝါရီ ၂၄ ရက်ကစ၍ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာမှတဆင့် ဖယ်ခုံမြို့ ဘက်ခြမ်း သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် စစ်ကောင်စီ၏ လက်ပါးစေ ပအိုဝ်း စစ်PNO ပူးပေါင်းတပ်ကို ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)နှင့် အလယ်ပိုင်းတိုင်းတပ်ဖွဲ့များက ပူးပေါင်းတိုက် ခိုက်နေသည်။
ပင်လောင်းမြို့နယ်တိုက်ပွဲမှာ ယနေ့အချိန်ထိ ဖြစ်ပွားနေဆဲ ဖြစ်သည်။ထို့အပြင် ကရင်နီ (ကယား)ပြည်နယ်အတွင်းသို့ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှ စစ်ကောင်စီတပ်က စစ်မျက်နှာ လေးခုဖွင့်ကာ စုစုပေါင်းစစ်ကြောင်း (၁၂)ခုဖြင့် အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိသည်။
