ရှမ်း – ကယား(ကရင်နီ)ဒေသအစပ် မိုးဗြဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် နေ့စဥ်နီးပါးထိတွေ့မှုရှိနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၃ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
စစ်ကောင်စီတပ်များသည် မိုးဗြဲကျေးရွာအုပ်စု စက်တော်ရာကျေးရွာရှိ စက်တော်ရာတောင်ပေါ်စေတီ၊ ညောင်ဝိုင်းရပ်ကွက်နှင့် ဝါရီဆူးပလိုင်ကျေးရွာတို့တွင် အဓိကတပ်စွဲလျက်ရှိပြီး မိုးဗြဲမြို့ထွက် ကုန်းသာကျေးရွာအုပ်စု ပီကင်းကောခူကျေးရွာနှင့် ဆောင်ကန်းကျေးရွာတို့တွင်လည်း တပ်စွဲထားသည်ဟု ဆိုသည်။
စစ်ကောင်စီတပ်စွဲထားသော နေရာနားတစ်ဝိုက်နှင့် စစ်ကြောင်းထိုးလာခြင်း၊ တပ်အပြောင်း အလဲလုပ်ခြင်း စသည့်အချိန်မျိုးတွင် ကရင်နီပူးပေါင်းမဟာမိတ်တပ်များနှင့် မကြာခဏထိတွေ့မှုများ ရှိနေခြင်းဖြစ်သည်။
“အဓိကတော့ လူထုကိုသတိပေးချင်တာက ကျွန်တော်တို့ စစ်ရေးလှုပ်ရှားနေတဲ့နေရာမှာ သတင်းတွေကို အထူးဂရုတစ်စိုက် နားထောင်ပေးပြီး မလိုအပ်ပဲအပြင်ထွက်တာမျိုးတွေ ရှောင်ရှားပေးပါ”ဟု KNDF တပ်ရင်း – ၃ တာဝန်ရှိသူက ပြောသည်။
ထို့အပြင် စစ်ကောင်စီနှင့်စစ်ရေးအချက်အလက်များ ဆက်သွယ်သတင်းပေးခြင်း၊ လမ်းပြခြင်း၊အကြမ်းဖက်စစ်ကောင်စီတပ်အား ရေ၊ မီး၊ ရိက္ခာများပို့ဆောင်ခြင်းများကိုလည်း ပြင်းထန်စွာအရေးယူမည်ဟု အသိပေးသည်။
တိုက်ပွဲဖြစ်ပွားသော နေရာများတွင် ကာကွယ်ရေးတပ်များ နယ်မြေရှင်းလင်းရေး မပြုလုပ်ရသေးဘဲ သွားလာခြင်းနှင့် အန္တာရာယ်ရှိစေသော လက်နက်ပစ္စည်းများ ကောက်ယူခြင်းနှင့် စစ်ရေးအရသွားလာခြင်းကန့် သတ်ထားသော နေရာများတွင် သွားလာခြင်းမပြုလုပ်ရန်လည်း KNDF တပ်ရင်း – ၃က မေတ္တာရပ်ခံထားသည်။
ယခုလ တတိယပတ်အတွင်း ကရင်နီပြည်နယ်ရှိ ဖရူဆို၊ရှားတော၊ ဒီးမော့ဆိုနှင့် ရှမ်း – ကရင်နီဒေသအစပ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများ အရှင်ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိထားသည်။
