ဆားတောင်ရဲစခန်းရဲများ ကင်းပတ်ထွက်လာစဥ် မိုင်းထိပြီး သုံးဦးသေဆုံး
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ရဲတပ်ရင်းသင် တန်းကျောင်းအား ဒေသတွင်းPDFများက ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စု၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Thunderbird local Defense forceအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယနေ့ (မတ်လ ၁၃ ရက်) ညနေ ၃ နာရီခွဲခန့်က စစ်ကိုင်းမြို့နယ် မုံရွာ – မန္တလေးလမ်းဘေးရှိ ရဲတပ်ရင်းအမှတ် (၁၆)သင်တန်းကျောင်းအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း Thunderbird local Defense forceအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ရဲတပ်ရင်းဘက်က ပြန်လှန်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိဘဲ ဆုတ်ခွာခဲ့ကာ စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။
“ ၁၅မိနစ်ကျော်ကြာခဲ့တယ်။ ရဲတပ်ရင်းသင်တန်းကျောင်းကို အဓိကပစ်ခတ်ခဲ့တာ။ ကံတလူဂိတ် စောင့်ရဲတွေရဲ့ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးထိခိုက်မိတယ်ကြားတယ်။” ဟု Thunderbird Local Defense Force အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အဆိုပါ စစ်ဆင်ရေးကို Thunderbird local Defense force၊ အညာညီနောင်တပ်ပေါင်းစု(ABCF)၊ တောင်သူလယ်သမား စစ်သည်တော် များအဖွဲ့၊ စစ်ကိုင်းတိုင်းတော်လှန်ရေးအင်အားစုများပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

အလားတူ ဆားတောင်မြို့ ရဲစခန်းမှ ကင်းပတ်ထွက်လာသည့် ရဲများမိုင်းဆွဲခံရကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲ သုံးဦးသေပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြော သည်။
မတ်လ ၁၀ ရက် နံနက် ၁၀နာရီခွဲခန့်က ဆားတောင်ရဲစခန်းမှ ဆိုင်ကယ်လေးစီးဖြင့် ကင်းပတ်ထွက် လာသည့် ရဲများကို ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ရာ ၂နာရီခန့်ကြာမြင့်ခဲ့ပြီး ဆားတောင်မိုးကြိုးအဖွဲ့နှင့်အတူ မဟာမိတ်အဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။
အခင်းဖြစ်ရာနေရာသို့ စစ်ကိုင်း တပ်မ(၃၃) မစစ်ကူလာသည့် အင်အားအပြည့်လိုက်ပါလာသော စစ်ကောင်စီ စစ်ကားကြီးတစ်စီးကို မွန်းလွဲ ၁ နာရီခွဲခန့်တွင် ရွှေဘို-မန္တလေးလမ်းပေါ်၊ ဆားတောင်နှင့် အုန်းတောကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ကားပျက်စီးခဲ့ကာ ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
