ဖားကန့်မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (လ၀က)ဦးစီးမှူး ဦးမြင့်လွင် ယမန်နေ့ ညနေက သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများက ပြောသည်။
ဦးမြင့်လွင်သည် ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ ဝန်ထမ်းအိမ်ယာတွင် ယမန်နေ့(မတ်လ ၁၂ရက်) နေ့လယ် ၂နာရီခန့်က ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
“ မော်ဝမ်းရပ်ကွက်က ဝန်ထမ်းအိပ်ရာမှာ ပစ်သတ်သွားတာ။ ဘယ်သူတွေက ပစ်လဲတော့ မသိဘူး။ အဲ့ဒီ စခ(စစ်ကောင်စီ)ထောက်တိုင်ကတော့ သေသွားတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ဦးမြင့်လွင်သည် အသက် (၅၅)နှစ်အရွယ်ရှိပြီး စစ်ကောင်စီက ပြုလုပ်မည်ဆိုသော ရွေးကောက် ပွဲမဲစာရင်းအတွက် အဓိက အလုပ်လုပ်နေသူဖြစ်ကြောင်း ဒေသခံများက ပြောသည်။ထို့အပြင် မှတ်ပုံတင်ပြုလုပ်ပေးရာတွင်လည်း အမြန်ကြေးဟုဆိုကာ ငွေကြေးအဆမတန်တောင်းယူနေသူဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။
“ စစ်ကောင်စီက လက်နက်အားကိုးနဲ့ အရပ်သားတွေကို ဖမ်းတယ်။ ဒါကြောင့် စစ်ကောင်စီဒလန်တွေလည်း လုံခြုံမယ်မထင်နဲ့။ အိမ်ထဲနေလည်း မလုံခြုံဘူး။ရုံးမှာနေလည်း မလုံခြုံဘူး။ တနေ့ အသတ်ခံရမှာကို ယုံတယ်” ဟု စစ်ကောင်စီကိုလက်မခံသည့် ဒေသခံတစ်ဦးက ပြောသည်။
ယခုရက်ပိုင်းအတွင်းစစ်ကောင်စီတပ်သည်ဖားကန့်ဒေသခံများကို အကြမ်းဖက်ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေခြင်းသည် သတင်းပေးများက အဓိကနေရာမှပါဝင်နေသည်ဟု ဒေသခံများက ဆိုသည်။
အဆိုပါ သတင်းပေးများကို ဦးတည်ရှင်းလင်းပေးရန်လည်း ဒေသခံများက တောင်းဆိုသည်။
