ကချင်ပြည်နယ် ဖားကန့်မြို့သို့ လာရောက်တိမ်းရှောင် နေသော တန့်ဆည်မြို့မှ NLD ပါတီဝင်အမျိုးသမီးတစ်ဦး သတင်းပေးတိုင်ကြားမှုကြောင့် စစ်ကောင်စီ ၏ မတရားဖမ်းဆီးခြင်းခံလိုက်ရကြောင်း ဖားကန့်ဒေသခံများက ပြောသည်။
တန့်ဆည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ပါတီဝင် ဒေါ်မာမာအေးကို ဖားကန့်မြို့နယ်၊ဖားပြင်ကျေးရွာတွင် စစ်ကောင်စီတပ်က မတ်လ ၆ရက် ညတွင် ဖမ်းဆီးသွားခြင်းဟု ဆိုသည်။
” ဒေါ်မာမာအေးက သူ့ညီမအိမ်မှာလာရှောင်နေတာ။ ၆ရက်နေ့က ဖမ်းသွားတယ်။ ဖားကန့်ဗျူဟာစစ်ကြောရေးမှာလို့ကြားတယ်။ အောက်ပိုင်းခဏလာရှောင်နေတာကို ဖမ်းတယ်ဆိုတာ ဒလန် သတင်းပေးတာဗျ။ ဒလန်ကြောင့်ဖြစ်တာ” ဟု ဖားကန့်မြို့ ဒေသခံတစ်ဦးက ပြောသည်။
ဒေါ်မာမာအေးသည် အသက် (၄၀)ခန့် အမျိုးသမီးတစ်ဦးဖြစ်ပြီး ဖမ်းဆီးခံရပြီး ငါးရက်ကြာသည်အထိ အဆက်အသွယ်မရသေးသလို စစ်ကောင်စီလက်ထဲတွင် ဖမ်းဆီးခံထားရသည့် အခြေအနေအပေါ် စိုးရိမ်နေကြောင်း ဖားကန့်ဒေသခံ တော်လှန်ရေးအင်အားစုများက ပြောသည်။
စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူပြီးချိန်မှစ၍ ဇန်နဝါရီ ၅ရက်အထိ ဥပဒေမဲ့ မတရားဖမ်းဆီးထိမ်းသိမ်းခံထားရသူ စုစုပေါင်း ၁၂,၆၇၀ ဦး ရှိရာ ၃,၇၅၈ ဦး ပြန်လည်လွတ်မြောက်လာပြီး ၉,၈၁၂ ဦးကျန်ရှိရာတွင် လွှတ်တော်ကိုယ်စားလှယ် ၈၀ ဦး အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၁,၂၃၂ ဦးပါဝင်ကြောင်း၊ ဖမ်းဆီးထားစဉ်အတွင်းနှင့် အကြောင်းမဲ့ သတ်ဖြတ်ခံရသူ ၃,၃၄၆ ဦးရှိရာတွင် လွှတ်တော်ကိုယ်စားလှယ် နှစ် ဦးပါဝင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် ၈၄ ဦး ပါဝင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဗဟိုအလုပ်ကော်မတီက ဇန်နဝါရီ ၂၉ရက်တွင် ထုတ်ပြန်ထားသည်။
ထို့အပြင် နေအိမ်အပါအဝင် ပိုင်ဆိုင်မှုများ ချိပ်ပိတ်သိမ်းဆည်းခံရသူ ၆၀၅ ဦးရှိရာတွင် လွှတ် တော်ကိုယ်စားလှယ် ၂၀၆ ဦး၏ ပိုင်ဆိုင်မှုများပါဝင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ၃၇၁ ဦးတို့၏ ပိုင်ဆိုင်မှုလည်း ပါဝင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
