ဖားကန့်မြို့နယ်၊ ဖားပြင်ကျေးရွာရှိ ကချင်ရိုးရာယဉ်ကျေးမှုရုံးကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် ရုံးအတွင်းရှိနေသူဆယ်ဦးထက်မနည်းကိုဖမ်းဆီးခေါ်ဆောင်သွားကြောင်းဒေသခံများကပြောသည်။
ဖားပြင်ကျေးရွာရှိကချင်ရိုးရာယဉ်ကျေးမှုရုံးကို ယမန်နေ့ (မတ်လ ၁၁ရက်) နေ့လည် ၁၁နာရီ ၄၀မိနစ်တွင် စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ဝင်ရောက်စီးနင်းခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
“ ကားငါးစီးနဲ့ စစ်ေ-တွေဝင်လာတာ။တွေ့ရာလူဖမ်းသွားတာပါ။ ကချင်တွေရော ဗမာတွေရော ပါပါတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
ဖမ်းဆီးခံရသည့်အခြေအနေကိုမေးမြန်းရန် People’s Spring သတင်းဌာနကချင်ရိုးရာယဉ်ကျေးမှုရုံးသို့ ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိသေးပေ။

ဒေသခံအချို့ကမူ KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ဝင်များ အစည်းအဝေးပြုလုပ်နေသည်ဟုသတင်းရရှိကာ စစ်ကောင်စီက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ပြောသည်။
” ဒလန်က အဲ့ဒီအတိုင်းသတင်းပေးလို့ လာဖမ်းတယ်လို့ သိရတယ်။ ဒီရက်ပြည်သူတွေ၊တော်လှန်ရေးအင်အားစုတွေ တောက်လျှောက်အဖမ်းခံနေရတယ်။ သတင်းပေးဒလန်တွေ တော်တော်မွှေနေတယ်” ဟုဒေသခံတစ်ဦးကပြောသည်။
မတ်လ ၆ရက်ကလည်း ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ ဖားပြင်ကျေးရွာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်အမျိုးသမီးတစ်ဦး ဖမ်းဆီးခံခဲ့ရသည်။ တန့်ဆည်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပါတီဝင် ဒေါ်မာမာအေးသည် ဖားပြင်ကျေးရွာ၌ လာရောက်တိမ်းရှောင်နေစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။
