ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ဒေသ၌ ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၈ဦးသေဆုံးခဲ့ကြောင်း သိရသည်ဟု ဖားကန့်ဒေသခံက ပြောသည်။
မတ်လ ၅ရက် ညပိုင်းက ဆိုင်းတောင်ရှိ စစ်ကောင်စီတပ်စွဲရာ နေရာသို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
“ဆိုင်းတောင်က နှစ်ဖက်တိုက်ပွဲဖြစ်တာ။ အဲဒါသူတို့ဘက်က ၈ယောက်ကျတယ် တော်တော်များများ ဒဏ်ရာရတယ်တဲ့။ KIA ဘက်ကတော့ အထိအခိုက်မရှိဘူးတဲ့” ဟု ဖားကန့်ဒေသခံက ပြောသည်။
ထို့အပြင်မတ်လ ၆ရက်တွင်လည်း ဆယ်ဇင်းဒေသ မှန်စိမ်းအရပ်၌ KIAနှင့် စစ်ကောင်စီ/ရှမ်းနီပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံက ပြောသည်။ယင်းတိုက်ပွဲ၌လည်း စစ်ကောင်စီပူးပေါင်းအဖွဲ့က သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု အထက်ပါဒေသခံကပြောသည်။
“ဒီမင်းအောင်လှိုင် စစ်ခွေးတွေ အကုန်လုံး မြန်မြန်ပြုတ်ကျသွားဖို့ပဲ အရေးကြီးတယ်။ အာဏာရှင်စနစ် ပြုတ်ကျသွားဖို့ပဲအရေးကြီးတယ်။ ပြည်သူတွေကို အကုန်လုံး ဒုက္ခပေးပြီး တစ်နိုင်ငံလုံးကို ဒုက္ခပေးနေတာဆိုတော့လေ” ဟု ဒေသခံက မှတ်ချက်ပြုသည်။
ဆိုင်းတောင်ဒေသတိုက်ပွဲနှင့်ပတ်သက်ပြီး KIA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံထံသို့ ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။
