ကချင်ပြည်နယ် ဖားကန့်မြို့တွင် ရေမဆေးကျောက်ရှာဖွေသူ လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်သတ်ပြီး အလောင်းစွန့်ပစ်သွားကြောင်း ဒေသခံများက People’s Spring သို့ ပြောသည်။
မတ်လ ၁၀ရက် ညက ဖားကန့်မြို့၊မော်မောင်းလျှံမှော်အနီးတွင် ဆိုင်ကယ်စီးလာသော လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်သားနှင့်ရဲ ပူးပေါင်းအဖွဲ့က သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဟု ဒေသခံများက ပြောသည်။
“ မော်မောင်းလျှံနဲ့ အေးမြသာယာကြားမှာ ပစ်သတ်သွားတာ။ ဘယ်က ကလေးတွေမှန်းမသိရသေးဘူးဗျာ” ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂ရက်ကလည်း ရေမဆေးကျောက်ရှာဖွေသူ လူငယ်နှစ်ဦးကို စစ်ကောင်စီက ပစ်သတ်ခဲ့ဖူးသည်။
စစ်ကောင်စီတပ်သည် ဖားကန့်တွင် ယခက်ကထက် ပိုမိုအကြမ်းဖက်နေပြီး အရပ်သားများကို ဆက်တိုက်ဖမ်းဆီးနေသလို လက်လွတ်စပယ်ပစ်သတ်နေကြောင်းလည်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ရက်မှ ဖေဖော်ဝါ ၁၁ရက်အတွင်း အရပ်သား ၂၀၀နီးပါးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ဖမ်းဆီးခံရသူအများစု ပြန်လွတ်လာသော်လည်း အချို့မျာ အဆက်အသွယ်ပြတ်တောက်နေကြောင်း သတင်းရရှိသည်။
ဖားကန့်မြို့နယ်တွင် စစ်ကောင်စီက ယခုရက်ပိုင်း ဖမ်းဆီးသွားသူများတွင် စစ်ကိုင်းတိုင်း တန့်ဆည်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတင် ဖြစ်သူ ဒေါ်မာမာအေးလည်း ပါဝင်ခဲ့သည်။ ဒေါ်မာမာအေးသည် ဖားကန့်၌လာရောက်တိမ်းရှောင်နေစဉ် မတ်လ ၆ရက်က ဖမ်းဆီးခံရခြင်းဖြစ်သည်။
