စစ်ကောင်စီတပ်က သတ်မှတ်နယ်မြေကျော်လွန်လာ၍ လုံခြုံရေးအရ ထောင်သည့်မိုင်းထိခြင်းဖြစ်နိုင်ဟုဆို
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၇) ဖားအံခရိုင်အတွင်း၌ စစ်ကောင်စီယာဉ်တန်း မိုင်းထိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးထိခိုက်ရှိခဲသည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။
ဖေဖော်ဝါရီ ၂၃ရက်က စစ်ကောင်စီ၏ ရိက္ခာပို့ ယာဉ်တန်းသည် မာနယ်ပလောဒေသ၌ မိုင်းထိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
“သူတို့ပြောတာ တစ်ယောက် သေတယ်။ နှစ်ယောက်ဒဏ်ရာရတယ်ပြောတယ်။ မတော်ဆပဲဖြစ်တာ။ အဲဒီမှာကကိုယ့်လူက လုံခြုံရေးထောင်ထားတဲ့သဘောပေါ့။ သူ့ကားက ကျွံသွားတဲ့သဘောပေါ့။ ပစ်တာခတ်တာမရှိဘူး။ သူတို့က ကားလမ်းအတိုင်းပဲလာတယ်ဆိုဘာမှ မဖြစ်ဘူး။ ကျနော်ထင်တာ ။ သတ်မှတ်ထားတဲ့နယ်ကျော်လို့ ဖြစ်တဲ့သဘောပေါ့။တကယ်လို့သာပစ်မယ်ဆိုရင် ထိထက်ပိုထိမှာ”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

KNUနှင့် စစ်ကောင်စီတပ်တို့ အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲပေါင်း ထောင်ချီဖြစ်ခဲ့သော်လည်း KNU တပ်မဟာ(၇)နယ်မြေ၌ တိုက်ပွဲဖြစ်ပွားမှု လုံး၀မရှိခဲ့ပေ။
“ဒီဘက် ကျနော်တို့လူတွေကလည်း လည်း တိုက်ပွဲမဖော်ဘူးလေ။ တပ်မဟာ(၇)တစ်ဂွင်ပေါ့။အဲဒီနေရာက တိုက်ပွဲဖော်တဲ့နေရာမဟုတ်ဘူး။ တပ်မဟာ(၇)က လက်ရှိ အခြေအနေအရ တိုက်ပွဲမဖြစ်အောင်ထိန်းထားတဲ့သဘောပေါ့နော်”ဟု KNU သတင်းရင်းမြစ်က ပြောသည်။
KNU ခရိုင်နှင့်တပ်မဟာ ခုနစ်ခုရှိသည့်အနက် တပ်မဟာ(၁)၊ တပ်မဟာ(၂)၊ တပ်မဟာ(၃)၊ တပ်မဟာ(၄)၊ တပ်မဟာ(၅)နှင့် တပ်မဟာ(၆) နယ်မြေများ၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ အာဏာသိမ်းပြီးနောက် တိုက်ပွဲပေါင်း ၈ထောင်ကျော်ရှိခဲ့ကြောင်း KNUက ထုတ်ပြန်ထားသည်။
