စစ်တပ်က တိုင်းပြည်အာဏာကို မတရားသိမ်းယူခဲ့တာဒီကနေ့ ဖေဖော်ဝါရီ ၁ ရက်မှာ နှစ်နှစ်ပြည့်ပါပြီ။ တစ်နည်းအားဖြင့် အာဏာရှင်တော်လှန်ရေး နှစ်နှစ်ပြည့်ကာလလည်း ဖြစ်ပါတယ်။
အဲဒီနှစ်နှစ်တာ ကာလအတွင်းမှာ စစ်ကောင်စီတပ်က ပြည်သူတွေရဲ့နေအိမ်ပေါင်း ၄၈,၄၆၃ လုံးကို မီးရှို့ဖျက် ဆီးခဲ့ပြီလို့ Data For Myanmar က အချက်အ လက်တွေ စုစည်းဖော်ပြလာပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအ သင်း(AAPP)ရဲ့ ဇန်နဝါရီ ၃၁ ရက်နေ့ည ထုတ်ပြန်အချက်အရ အာဏာသိမ်းထားတဲ့ကာလမှာ စစ်ကောင်စီတပ်လက်ချက်ကြောင့် ပြည်သူ ၂,၉၄၀ ဦး ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြည်သူ ၁၃,၇၆၃ ဦးကို စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားဆဲလို့ AAPP က အသိပေးပါတယ်။

ဖော်ပြပါကိန်းဂဏန်းတွေဟာ သက်ဆိုင်ရာအဖွဲ့အစည်းတွေက လက်လှမ်းမီသမျှစုစည်းထားတဲ့ အချက်အ လက်တွေသာ ဖြစ်ပါတယ်။ ဒါကြောင့် မြေပြင်အခြေ အနေဟာ ခုထက်ပိုနိုင်ပါတယ်။
“ဒီကာလမှာ အကြမ်းဖက်စစ်တပ်က ကျနော်တို့ပြည်သူတွေကို ဖိနှိပ်တယ်၊ သတ်ဖြတ်တယ်၊ ရွာတွေကိုမီးရှို့တယ်၊ လူငယ်တွေကို ဖမ်းဆီးအကျဥ်းချတယ် ဒီလိုမျိုးအရက်စက်ဆုံးနည်းလမ်းတွေနဲ့ လုပ်ခဲ့တာ တောက် လျှောက်ပဲ”လို့ ရန်ကုန်အခြေစိုက် မြေပြင်သပိတ်ကော်မတီတစ်ခုမှခေါင်းဆောင်လူငယ်တစ်ဦးက ပြောပါတယ်။
တိုင်းပြည်အာဏာကို ခုလို မတရားသိမ်းယူထားတဲ့အပြင် ပြည်သူတွေအပေါ် နည်းမျိုးစုံနဲ့ အနိုင်ကျင့်ဗိုလ်ကျနေတဲ့ စစ်အာဏာရှင် အလိုမရှိကြောင်းပြသဖို့ ဒီကနေ့ဟာ အကောင်းဆုံးအခွင့်အရေးပဲလို့ သူက ဆိုပါတယ်။

ဘာကြောင့်လည်းဆိုတော့ ပြည်သူတစ်ရပ်လုံး အလွယ်ကူဆုံးနည်းလမ်းနဲ့ ပူးပေါင်းပါဝင်နိုင်မှာမို့ပါ။ ဒါကြောင့် ဒီကနေ့ ဖေဖော်ဝါရီ ၁ ရက်မှာဆင်နွှဲမယ့် Silent Strike အသံတိတ်သပိတ်မှာ ‘တစ်သံထဲညီ တစ်ချီထဲရုံး’ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။
“အသံတိတ်သပိတ်ဆိုတာ စစ်အာဏာရှင်တွေ လုံးဝအုပ် ချုပ်ခွင့်မရစေရဆိုတာကို ပြသဖို့ ပြည်သူတစ်ရပ်လုံးပူး ပေါင်းပါဝင်တဲ့ တော်လှန်ရေးတစ်ရပ်ပါ”လို့ ရွေးကောက် ခံကိုယ်စားလှယ်တစ်ဦးက မှတ်ချက်ပေးပါတယ်။
အဲဒီလို အသံတိတ်သပိတ်မှာ ပြည်သူတစ်ရပ်လုံးပါဝင်နိုင်ရေးကိုရည်ရွယ်ပြီး သပိတ်ကာလကို မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအတွင်းသာ အချိန် ၅ နာရီကြာ တော်လှန်ရေးအင်အားစုတွေက သတ်မှတ်ထားပါတယ်။ ဒါကြောင့် သပိတ်မှာ ပါ ဝင်လိုတဲ့ ပြည်သူတစ်ဦးတစ်ယောက်ချင်းအနေနဲ့ အလုပ်သွားစရာရှိ သွားပါ။ စျေးရောင်းစရာရှိရင် ရောင်းပါ။သို့သော်သတ်မှတ်ကာလအတွင်းလမ်းပေါ်မထွက်ကြဖို့မေတ္တာရပ်ခံထားပါတယ်။
အဲဒီအချက်ကို သရုပ်ဆောင်ချစ်သုဝေက သူရဲ့ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကတဆင့် ခုလို သတင်းစကား ပါးပါတယ်။
“အလုပ်လား၊ စောစောကြီးသွားပစ်။ နောက်ကျမှပြန်ပစ်။ သတ်မှတ်ချိန် လူရှင်းနေပြီးတာပဲနော့”၊ “ဆိုင်လား ဖွင့်မြဲဖွင့်။ ဘယ်သူမှ သွားမဝယ်ကြနဲ့။ ရောင်းတယ် လာမဝယ်ကြတာပါပေါ့။ လမ်းပေါ် မှာ ရောင်းရသူတွေ နေ့တွက်အဆင်ပြေဖို့ ညနေဘက် ရုံးအပြန်မှ ပြည်သူတွေက ပိုအားပေး ပေး”တဲ့။

ပြီးတော့ လက်သီးဆုပ်တွေ ပြေလျော့မတတ် အားနည်းအောင် နည်းမျိုးစုံဖိနှိပ်နေရင်တောင် ငါတို့တွေ အချိန် တန်လက်ခုပ်ထဲကရေလို မဟုတ်ကြောင်း ဒီအာဏာရှင်လူ့ အန္ဓတွေကို ပြကိုပြရမယ်လို့ သူကဆိုထားပါတယ်။
“စိတ်ဓါတ်ရေးရာမှာတော့ ဘယ်တော့မှအရှုံးမပေးလိုက်ပါနဲ့။ တို့တွေ လိမ္မာပါးနပ်စွာ ကိုယ့်ဆန္ဒတွေဆက်ဖော် ထုတ်ကြစို့”လို့ သရုပ်ဆောင် ချစ်သုဝေက တိုက်တွန်းထားပါတယ်။
Silent Strike နဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အား စုတွေက တစ်သံထဲညီ တစ်ချီထဲရုန်းကြဖို့ ဆော်သြနေကြချိန်မှာ အသံတိတ်သပိတ်ကိုကြောက်လန့်တဲ့စစ်ကောင်စီနဲ့ အ
ပေါင်းပါတွေကလည်း အဲဒီနေ့ရဲ့ တော်လှန်အနှစ်သာရကို ပုံဖျက်ဖို့ နည်းမျိုးစုံ သုံးနေပါတယ်။
အထူးသဖြင့် ဒီကနေ့မှာ ဆိုင်မဖွင့်တဲ့သူတွေကို အရေးယူမယ်လို့ ခြိမ်းခြောက်တာတွေရှိသလို ဆိုင်ဖွင့်မယ့်အ ကြောင်း ခံဝန်ကတိလက်မှတ် ထိုးခိုင်းတာတွေအထိပါ လုပ်ဆောင်နေတာဖြစ်ပါတယ်။
ဒါ့အပြင် နယ်မြို့တချို့မှာဆိုရင်လည်း အသံတိတ်သ ပိတ်မှာ ပြည်သူတွေပါဝင်လို့ လမ်းပေါ်မရှိမှာစိုးရိမ်တာကြောင့် ဆိုင်ကယ်နဲ့ကားတွေကို အပြစ်မရှိအပြစ်ရှာဖမ်း ဆီးပြီး ဒီကနေ့မှာမှ ပြန်ရွေးခိုင်းတာတွေ ရှိနေပါတယ်။ ဒါနဲ့ပတ်သက်လို့ မကွေးမြို့ခံတစ်ဦးက ခုလိုပြောပြပါတယ်။
“Silent Strike နေ့မှာ ပြည်သူတွေ အပြင်မထွက်မှာ သူတို့က ကြောက်တယ်လေ။ အဲဒါကြောင့် ခုလိုဖမ်းနေတာ”

ဆိုင်ကယ်ဖမ်းခံရရင် ခါတိုင်းလို ငွေးပေးပြီးရှင်းလို့ မရတော့ဘဲ ဖေဖော်ဝါရီ ၁ ရက်(ဒီကနေ့)မှာမှ မကွေးမြို့ နယ်ခန်းဆီ လာရောက်ရွေးယူကြဖို့ အဖမ်းခံရသူတွေကို မှာလိုက်ကြောင်း အဲဒီဒေသခံက ပြောပါတယ်။ အသံတိတ်သပိတ်နေ့ကိုရည်ရွယ်ပြီး မကွေးမှာ ဆိုင်ကယ်တွေ ဖမ်းနေတာ ဇန်နဝါရီ ၃၀ ရက်ကတည်းကပါ။
ဒါအပြင် အသံတိသပိတ်မှာပူးပေါင်ပါဝင်ကြဖို့ ဖေစ်ဘွခ်မှာရေးသားသူတွေကို ပါဖမ်းဆီးအရေးယူဖို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ် ဖြစ်တဲ့ ဟန်ငြိမ်းဦးချန်နယ်နဲ့ စစ်ကောင်စီလော်ဘီတွေက ရေးသားခြိမ်းခြောက်ကြပါသေးတယ်။
ခုလိုမျိုး အာဏာပါးကွက်သားတွေက ပြည်သူကို နည်းလမ်းပေါင်းစုံနဲ့ အသံတိတ်သပိတ်မှာ မပါဝင်နိုင်အောင်ဖိနှိပ်ရမ်းကားနေသလို အခြားတစ်ဖက်မှာလည်း စစ်တပ်ထောက်ခံသူတွေက စစ်ကောင်စီတပ်သားအစောင့်အရှောက်များစွာနဲ့ စစ်ကောင်စီ ၂ နှစ်ပြည့်ကြိုဆိုပွဲခေါင်းစဥ်နဲ့ ရန်ကုန်မြို့လယ်မှ ဆန္ဒပြကြမယ်လို့ဆိုပါတယ်။
ဒါကြောင့်ပြည်သူတွေရဲ့ ရင်ထဲကဆန္ဒအမှန်ထုတ်ပြတဲ့ အသံတိတ်သပိတ်အပါအဝင် သပိတ်မျိုးစုံကို ကြောက်ရွံ့လှသလို မျိုးစုံဖိနှိပ်တဲ့ စစ်ကောင်စီဟာ သူတို့ထောက်ခံသူနည်းနည်းဆန္ဒပြဖို့ဆိုရင် စာရိတ်ငြိမ်း၊ရေမီးအစုံ အပြင် ငွေပေး ၊လုံခြုံရေးပါ ပေးပြီးလုပ်ပွဲတွေဖန်တီးကြတာဖြစ်ပါတယ်။
တော်လှန်ရေးအင်အားစုနဲ့ နိုင်ငံတစ်ဝန်းက ပြည်သူတွေက အသံတိတ်သပိတ်ကို စစ်တပ် ခြိမ်းခြောက်မှုတွေကြားက ယခင်နှစ်ကြိမ်အောင်မြင်စွာပြုလုပ်ခဲ့ပါတယ်။ တိတ်ဆိတ်မှုရဲ့ စွမ်းအားက ဘယ်လောက်ကြီးမားတယ် ဆိုတာကို၊ တိတ်ဆိတ်ခြင်းရဲ့ အကျယ်လောင်ဆုံးအသံကို ကမ္ဘာကြီးအံအားတသင့်ဖြစ်ရအောင်ပြသနိုင်ခဲ့ပါတယ်။ဒီတစ်ကြိမ်က တတိယမြောက်အကြိမ်ဖြစ်ပါတယ်။
စစ်အုပ်စုဟာ သူတို့အာဏာတည်မြဲရေးကို ရှေ့ရှုပြီး ပြည် သူလူထုကို ချနင်းနေတာ အာဏာရှင်အဆက်ဆက်ပါပဲ။ ခုလည်း အာဏာသိမ်းစစ်ကောင်စီက ‘အာဏာရှင်အလိုမရှိ’ကြောင်းပြသမယ့် နည်းမျိုးစုံနဲ့ နှောက်ယှက်ဖို့ ပြောင်ပြောင် တင်းတင်းလုပ်နေပါပြီ။
“ကျမတို့ပြည်သူက စစ်အာဏာရှင်နဲ့အပေါင်းပါတွေရဲ့လုပ်ရပ်ကို နားလည်သိရှိပြီးဖြစ်ပါတယ်။ ဘယ်လိုပဲ ဖိအားတွေ၊ အဖမ်းအဆီးတွေ တရားမဲ့ ဥပဒေမဲ့လုပ်ရပ်တွေနဲ့ ပြည်သူကိုဘယ်လိုပဲ ဖိနှိပ်ပါစေ ဥာဏ်ပညာရှိစွာနဲ့ စစ်အာဏာ
ရှင်ကို ဆက်လက်တိုက်ပွဲဝင်ကြပါလို့အမှာပါးချင်ပါတယ်”လို့ ရွေးကောက်ခံ ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။
ပြည်သူ့အာဏာ ပြည်သူလက်ထဲပြန်ရောက်ဖို့ အေးဆေးတည်ငြိမ်ပြီး ဥာဏ်ပညာရှိရှိနဲ့ ညီညွတ်စွာ ပူးပေါင်းပါဝင်ကြဖို့ အဲဒီ ရွေးကောက်ခံကိုယ်စားလှယ်က မေတ္တာရပ်ခံပန်ကြားထားပါတယ်။
ဒါ့အပြင် ရုပ်ရှင်သရုပ်ဆောင်နဲ့ အဆိုတော် ချစ်သုဝေကလည်း စစ်အာဏာရှင်တွေရဲ့ ပြည်သူလူထုအပေါ် တရားမဲ့မှူ၊ လူမဆန်မှုတွေကို တစ်ခုမှ သူ မမေ့သလို ပြည်သူတွေလည်း မေ့နိုင်မှာမဟုတ်ဘူးဆိုတာ ယုံတယ်လို့ ပြောပါတယ်။
ပြီးတော့ ချစ်သုဝေက ပြည်သူလူထုကို ခုလိုသတင်း စကား ပါးလိုက်ပါတယ်။
“ခေါင်းငုံ့ထားရပေမယ့် လက်သီးဆုပ်တွေတော့ ပြေလို့မရဘူး” ။ ။
