လေကြောင်းရန်ကာကွယ်ရေးတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့များ၏ တာဝေးပစ်လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က နေပြည်တော်အဝင်တောင်ကြောများတွင်စစ်ကြောင်းထိုးနေကြောင်းတော်လှန်ရေးတပ်ဖွဲ့များက People’s Spring သတင်းဌာနသို့ ပြောသည်။
PDF တပ်ဖွဲ့များကလိပ်သိုမြို့ရှိ စစ်တပ်ဗျူဟာကုန်းနှင့်နေပြည်တော် လေကြောင်းရန်ကာကွယ်ရေးတပ်တို့ကိုဖေဖော်ဝါရီ ၂၁ ရက်နှင့် ၂၂ ရက်နေ့များတွင် တာဝေးပစ်ဒုံးသုံးစင်းဖြင့် နှစ်ရက်ဆက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက်စစ်တပ်ကနေပြည်တော်အဝင် တောင်ကြောများတွင် အင်အားတိုးစစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

“စကစ ကစစ်ကြောင်းထိုးနေတယ်။လယ်ဝေးနဲ့ပျဥ်းမနားအရှေ့ဘက်တောင်ကြောတွေမှာ”ဟု အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နေပြည်တော်စစ်ဒေသခွဲမှတာဝန်ရှိသူတစ်ဦးက People’s Spring သို့ပြောသည်။

အဆိုပါစစ်ကောင်စီတပ်စစ်ကြောင်းမှာအင်အားတစ်ရာကျော်ပါသည်ဟုခန့်မှန်းရပြီး လတ်တလောတွင် တောင်မြင့်၊ ရေပူ၊ အလည်ချောင်း စသည့်ကျေးရွာများတလျှောက် စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်းနေပြည်တော်စစ်ဒေသခွဲ တာဝန်ရှိသူကဆက်ပြောသည်။

စစ်ကောင်စီတပ်သည် ယခင်ကတည်းက နေပြည်တော်၊ ရှမ်းနှင့် ကရင်နီ(ကယား)နယ်စပ်စည်းတလျှောက် အထိုင်ချကာ တပ်အင်အားတိုးချဲ့ထားပြီးယခုမူ၎င်းနယ်စပ်စည်းများနှင့် ဆက်စပ်နေသည့် တောင်ကြောများကိုပါ တောနင်းစစ်ကြောင်းထိုးလာခြင်းဖြစ်သည်။
“သူတို့(စစ်ကောင်စီတပ်) နယ်စပ်စည်းမှာကို ခံစစ်အနေအထားကာထားပြီး မကြာခဏ စစ်ကြောင်းထိုး၊တောနင်းလေ့ရှိတယ်”ဟု နေပြည်တော်စစ်ဒေသခွဲမှတာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
PDF တပ်ဖွဲ့များ၏ ယခုရက်ပိုင်း တာဝေးပစ်ဒုံး စစ် ဆင်ရေးများတွင် လိပ်သိုမြို့ စစ်တပ်ဗျူဟာကုန်းသို့ ထိမှန်အောင်ပစ်ခတ်နိုင်ခြင်း၊ နေပြည်တော် လေကြောင်းရန်ကာကွယ်ရေးတပ်ဝန်းမှ အရာရှိဆောင်ဟုယူဆရသောအဆောင်ထိမှန်ခဲ့သဖြင့် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိနိုင်သော်လည်း တိတိကျကျ မသိရသေးကြောင်းတော်လှန်ရေးအင်အားစုများကပြောသည်။
