Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့ (ဖေဖော်ဝါရီ ၂၄ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎ရေစကြိုနယ်ရှိ ပျူစခန်းနဲ့ ခလရ (၂၅၆)တို့ကို PDFများ တစ်ပြိုင်တည်းတိုက်ခိုက်

မကွေးတိုင်း ရေစကြိုမြို့နယ် ဇီးတောရွာအခြေစိုက် စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်စွဲထားတဲ့ တပ်စခန်းကို ဒီနေ့မနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တာဝန်ခံ ရဲဘော်ဝေကြီးက ပြောပါတယ်။ ရေစကြိုမြို့နဲ့ ၅ မိုင်ခန့်အကွာ၊ စစ်ကောင်စီရဲ့ ခလရ (၂၅၆)၊ (၂၅၇)၊ (၂၅၈) တပ်ရင်းများနဲ့လည်း မိုင်အနည်းငယ်သာကွာဝေးတဲ့ ဇီးတောပျူစောထီးစခန်းကို PDF တွေက တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့ပြီး ပျူစခန်းကို သိမ်းပိုက်ခါနီးမှာ လေကြောင်းပစ်ကူလာလို့ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ရဲဘော်ဝေကြီးက ပြောပါတယ်။

▪︎အရာတော်မှာ အင်အားသုံးဆခန့်များတဲ့ စစ်ကောင်စီတပ်နဲ့ PDFတို့ အနီးကပ်တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အင်အားသုံးချိုးတစ်ချိုးအနေအထားဖြင့် ထိပ်တို​က်ရင်ဆိုင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၀ ဦးခန့်သေဆုံးတယ်လို့ PDFတောင်သာ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့က အရာတော် မင်းရွာကြီးမြောက်ရွာမှာ စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းအဖွဲ့များ အနီးကပ်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အကြမ်းဖက်စစ်ကောင်စီဟာ မကြာသေးမီကမှ အရာတော်မြို့နယ်ကို စစ်အုပ်ချုပ်ရေး Martial Law ကြေညာခဲ့ပြီး လက်ရှိမှာ အင်အားတိုးချထား ဖိနှိပ်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ မနေ့ကလည်း PDF နဲ့ အနီးကပ်တိုက်ပွဲဖြစ်ပွားပြီးနောက် Mi-35 တိုက်ခိုက်ရေးရဟတ်ယာဥ်လေးစီးနဲ့ ပစ်ခတ်မှုလုပ်ဆောင်ခဲ့သလို အင်အား ၁၀၀ ခန့် ထပ်မံချထားတယ်လို့ သိရပါတယ်။

▪︎မြန်မာနဲ့ ယူကရိန်းပြည်သူများနဲ့အတူ မားမားမတ်မတ်ရပ်တည်ကြောင်းအီးယူထုတ်ပြန်

ယူကရိန်းကို ရုရှားကျူးကျော်စစ်၁၂လမြောက်အထိမ်းအမှတ်အဖြစ်် ရန်ကုန်မြို့မှာ ယူကရိန်းနိုင်ငံတော်အလံကို ဥရောပသမဂ္ဂက လွှင့်တင်ခဲ့ပြီး မြန််မာနဲ့ ယူကရိန်းပြည်သူများနဲ့အတူ မားမားမတ််မတ်ရပ်တည်ကြောင်း ပြသခဲ့ပါတယ်။ ဥရောပသမဂ္ဂဟာ မြန်မာနဲ့ ယူကရိန်း ပြည်သူများရဲ့ တွန်းလှန်မှုနဲ့ ၎င်းတို့ရဲ့ လွတ်လပ်ရေး မျှော်မှန်းချက်များအတွက် မားမားမတ်မတ် ရပ်တည်ထောက်ခံနေတယ်လို့ ဒီနေ့ထုတ်ပြန်ပါတယ်။ယူကရိန်းသံအမတ််ကြီး Oleksander Lysak ကလည်း မနေ့က မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂမှ သံရုံးအကြီးအကဲများနဲ့တွေ့ဆုံစဥ် မြန်မာပြည်သူများကို ထောက်ခံကြောင်း ပြသခဲ့ပြီး မြန်မာစစ်ကောင်စီဟာ ရုရှားနဲ့ ဆက်ဆံရေးတည်ဆောက်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ အကျိုးဆက်များကို သတိပေးခဲ့တယ်လို့ အီးယူက ဖော်ပြပါတယ်။

ရန်ကုန်မြို့ရှိ အီးယူရုံး၌ ယူကရိန်းအလံလွှင့်ထူထားစဉ်၊ ဓာတ်ပုံ - EU in Myanmar
ရန်ကုန်မြို့ရှိ အီးယူရုံး၌ ယူကရိန်းအလံလွှင့်ထူထားစဉ်၊ ဓာတ်ပုံ – EU in Myanmar

▪︎မိုးဗြဲနယ်မှာ စစ်ကောင်စီတပ်နဲ့ KNDF နေ့စဥ်နီးပါး ထိတွေ့မှုရှိ

ရှမ်း-ကရင်နီဒေသအစပ် မိုးဗြဲမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ နေ့စဥ်နီးပါးထိတွေ့မှုရှိနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၃ တာဝန်ရှိသူက ပြောပါတယ်။ စစ်ကောင်စီတပ်များဟာ မိုးဗြဲကျေးရွာအုပ်စု စက်တော်ရာကျေးရွာရှိ စက်တော်ရာတောင်ပေါ်စေတီ၊ ညောင်ဝိုင်းရပ်ကွက်နဲ့ ဝါရီဆူးပလိုင်ကျေးရွာတို့တမှာ အဓိကတပ်စွဲနေပြီး မိုးဗြဲမြို့ထွက် ကုန်းသာကျေးရွာအုပ်စု ပီကင်းကောခူကျေးရွာနဲ့ ဆောင်ကန်းကျေးရွာတို့မှာလည်း တပ်စွဲထားတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာအနီးတစ်ဝိုက်နဲ့ စစ်ကြောင်းထိုးလာခြင်း၊ တပ်အပြောင်းအလဲလုပ်ခြင်း စတဲ့အချိန်မျိုးတွေမှာ ကရင်နီပူးပေါင်းမဟာမိတ်တပ်တွေနဲ့ မကြာခဏထိတွေ့မှုများ ရှိနေတာပါ။ သတင်းတွေကို အထူးဂရုတစိုက် နားထောင်ပေးပြီး မလိုအပ်ဘဲ အပြင်ထွက်တာမျိုးတွေ ရှောင်ရှားပေးဖို့ KNDF တပ်ရင်း – ၃ တာဝန်ရှိသူက ပြည်သူတွေကို တိုက်တွန်းပါတယ််။

▪︎ကျေးရွာ(ပကဖ)ခေါင်းဆောင်ကို ပစ်ခတ်ခဲ့တဲ့ GZ Special Task Force ရဲဘော်ငါးဦးအား NUG ရဲတပ်ဖွဲ့စစ်ဆေးနေ

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် ဆားတောင်ကြီးကျေးရွာရှိ ကျေးရွာ(ပကဖ)ခေါင်းဆောင်တစ်ဦးကို ပစ်ခတ်ခဲ့တဲ့ GZ Special Task Forceအဖွဲ့မှ ရဲဘော် ငါးဦးအား အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေပါတယ်။ ဖေဖော်ဝါရီ ၁၇ ရက် မနက်ပိုင်းက ဝက်လက်မြို့နယ် ဆားတောင်ကြီးကျေးရွာမှာ ကျေးရွာ(ပကဖ) ခေါင်းဆောင်တစ်ဦးကို လက်နက်ကိုင် နှစ်ဦးက မောင်းပြန်သေနတ်နဲ့ ပစ်ခတ်လုပ်ကြံသတ်ဖြတ်မှုဖြစ်ပွားခဲ့ပါတယ်။ အဲဒီဖြစ်စဉ်နဲ့ပက်သတ်လို့ ဖေဖော်ဝါရီ ၁၈ ရက်မှာ ဝက်လက်မြို့နယ် NUG ပြည်သူ့ရဲတပ်ဖွဲ့သို့ အမှုဖွင့်တိုင်ကြားခဲ့ပြီး GZ Special Task Force မှ ဖြစ်နိုင်ချေများသဖြင့် စုံစမ်းစစ်ဆေးမှုခံယူဖို့ ဆင့်ခေါ်ရာ ကနဦးမှာ ငြင်းဆန်ခဲ့ပေမယ့် နောက်ပိုင်းမှာ စစ်ဆေးခံဖို့ လာရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

▪︎ရန်ကုန် မြောက်ဥက္ကလာ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးကို YUF ဗုံးပစ်တိုက်ခိုက်

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးတစ်ရုံးကို လက်ပစ်ဗုံးပစ်သွင်း ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Underground Force – YUF ကပြောပါတယ်။ မနေ့ ညနေပိုင်းက မြောက်ဥက္ကလာ(င)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ရပ်ကွက်အုပ်ကြီးနဲ့ စစ်ကောင်စီတပ်သားအချို့ ရှိနေစဥ် လက်ပစ်ဗုံးတစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အနီးကပ်ပစ်သွင်းခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုရှိနိုင်တယ်လို့ YUF ရဲဘော်က ပြောပါတယ်။

(မြောက်ဥက္ကလာ (င)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး။ ဓါတ်ပုံ-CJ)
(မြောက်ဥက္ကလာ (င)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး။ ဓါတ်ပုံ-CJ)

▪︎စီးနင်းခံရတဲ့ KNLAတပ်ရင်းဌာနချုပ်ဒရုန်းတိုက်ခိုက်မှုများနဲ့ ပြန်ယူနိုင်ခဲ့

စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းခဲ့တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း (၁၀၃) တပ်ရင်းဌာနချုပ်ကို ပူးပေါင်းတပ်ဖွဲ့က ပြန်လည်တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့မှာ ပါဝင်တဲ့ Federal Wings ဒရုန်းတပ်ဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ (၆)နယ်မြေ ကော့ကရိတ်မြို့နယ် ဒေါနအရှေ့ဘက်( မြဝတီတောင်ပိုင်း)ရှိ KNLA တပ်ရင်း (၁၀၃)ဌာနချုပ်ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၁ ရက် နေ့ခင်းက ဝင်ရောက်စီးနင်းခဲ့ပါတယ်။ စီးနင်းခံရတဲ့ စခန်းကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)လုံခြုံရေးတပ်ရင်း(၈)တပ်ဖွဲ့နဲ့ အထူးကွန်မန်ဒိုတပ်ရင်း၊ Federal Wings ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းတိုက်ခိုက်မှုများနဲ့ အဆက်မပြတ်တိုက်ခိုက်မှုများ လုပ်ဆောင်ပြီးနောက် ဖေဖော်ဝါရီ ၂၂ ရက် နေ့ခင်းက ပြန်လည်တိုက်ယူနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

KNDO တပ်ရင်း (၈) တပ်ရင်းမှူး ဗိုလ်မှူးကြီးစောအယ်မြထူးနှင့် Federal Wings တပ်ဖွဲ့ဝင်များ၊ ဓာတ်ပုံ - Federal Wings
KNDO တပ်ရင်း (၈) တပ်ရင်းမှူး ဗိုလ်မှူးကြီးစောအယ်မြထူးနှင့် Federal Wings တပ်ဖွဲ့ဝင်များ၊ ဓာတ်ပုံ – Federal Wings

▪︎စဉ့်ကူးနဲ့ မတ္တရာ စစ်ကောင်စီတပ်စွဲရာ နေရာများကို PDFများတိုက်ခိုက်

မန္တလေးတိုင်း စဉ့်ကူးမြိူ့နယ်ရှိ နွယ်ရုံရဲစခန်းနဲ့ မတ္တရာမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲရာ ပိုဝတောင်ကျေးရွာတို့ကို တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် ခြောက်ဦးသေဆုံးတယ်လို့ ဒေသတွင်း PDF အဖွဲ့များက သတင်းထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက် နေ့ခင်းက စဉ့်ကူးမြို့နယ် နွယ်ရုံကျေးရွာရဲစခန်းကို ဒရုန်းနဲ့ နှစ်ကြိမ် ဗုံးခြောက်လုံးကြဲချတိုက်ခိုက်ရာ ရဲသုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာပြင်းထန်ကာ ရဲစခန်းအဆောက်အဦးလည်း ပျက်စီးခဲ့တယ်လို့ ဗိုလ်ကောင်းကင်တပ်ဖွဲ့က ဆိုပါတယ်။ ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းကလည်း မတ္တရာမြို့နယ် ပိုဝတောင်ကျေးရွာသို့ အင်အား ၃၀ ခန့်နဲ့ ဝင်ရောက်တပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီ ၂၂ ရက်မှာ ဒရုန်းများ၊ လက်နက်ကြီး၊ လက်နက်ငယ်များနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးတယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က အသိပေးပါတယ်။

You May Also Like