မြောက်ကိုရီးယားကနေ ထွက်ပြေး လွတ်မြောက်လာသူ ရာဂဏန်းလောက်ကို ရေဒီယို သတ္တိကြွမှု ထိခိုက်ခံစားရတာ ရှိမရှိ ဆေးစစ်ပေးဖို့ လူ့အခွင့်အရေး အဖွဲ့အစည်း တစ်ခုက တောင်ကိုရီးယား အစိုးရကို တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ်အတွင်း တောင်ကိုရီးယား အစိုးရဟာ မြောက်ကိုရီးယားကနေ ထွက်ပြေး ခိုလှုံလာသူ ၄၀ ကို ဆေးစစ်ကြည့်ရာမှာ အနည်းဆုံး ၉ ဦးရဲ့ ခန္ဓာကိုယ်မှာ ရေဒီယို သတ္တိကြွဓာတ် မြင့်မြင့်မားမား ထိတွေ့ ခံထားရလို့ မူမှန် မဟုတ်တဲ့ အခြေအနေတွေ တွေ့မြင်ခဲ့ရပါတယ်။
ဒါပေမဲ့ အဲဒီတုန်းကတော့ ဒီဖြစ်စဉ်ဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် စမ်းသပ်မှုတွေ၊ တခြား ဆက်စပ် လှုပ်ရှားမှုတွေနဲ့ တိုက်ရိုက် ပတ်သက်မှု ရှိနိုင်တယ် ဆိုတာကို အတိအကျ အတည်မပြုနိုင်ကြောင်း တောင်ကိုရီးယား အစိုးရရဲ့ ကိုရီးယားနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနက ပြောခဲ့ဖူးပါတယ်။
အဲဒီလို ရေဒီယို သတ္တိကြွမှု ပြဿနာ ကြုံတွေ့ ခံစားနေရသူတွေဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် စမ်းသပ်ရာ နေရာတဝိုက်မှာ နေထိုင်သူတွေလို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ ရေဒီယို သတ္တိကြွမှု စစ်ဆေးတဲ့ အစီအစဉ်တွေကို တောင်ကိုရီးယားက ရပ်တန့်ထားလိုက်ပါတယ်။
ဆိုးလ်မြို့တော် အခြေစိုက် လူ့အခွင့်အရေး အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Transitional Justice Working Groupက သူတို့ဟာ ကိုယ့်နည်း ကိုယ်ဟန်နဲ့ မြောက်ကိုရီးယားရဲ့ ပထဝီဝင်နဲ့ လူဦးရေ အချက်အလက်တွေကို ပြန်လည် စစ်ဆေးခဲ့ကြောင်း၊ အဲဒီနောက် မြောက်ကိုရီးယားရဲ့ နျူကလီးယား စမ်းသပ် ဖောက်ခွဲမှု ၆ ကြိမ်ဟာ ဒီလို မူမမှန်တဲ့ ဖြစ်စဉ်တွေနဲ့ တိုက်ရိုက် ဆက်နွှယ်နိုင်တယ်လို့ ယူဆစရာတွေ တွေ့လာကြောင်း ပြောပါတယ်။
အဲဒီ အဖွဲ့က မြောက်ကိုရီးယား နျူကလီးယား စမ်းသပ်ဇုန်ဖြစ်တဲ့ ပွန်ဂျီရီနဲ့ ကီလိုမီတာ ၄၀ ပတ်လည်က မြေအောက် ရေအရင်းအမြစ်တွေထိ ရေဒီယို သတ္တိကြွဓာတ်တွေ ပျံ့နှံ့ခဲ့တယ်လို့ ယုံကြည်နေပြီး အဲဒီရေကို သောက်သုံးမိတဲ့ ဒေသခံတွေ ရေဒီယို သတ္တိကြွ အဆိပ်သင့်လိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။
အဲဒီဧရိယာတွေမှာ ပျံ့နှံ့နေထိုင်သူ တစ်သန်းကျော်လောက် ရှိနေနိုင်ပါတယ်။ မြောက်ကိုရီးယား အစိုးရကတော့ သူတို့ရဲ့ နျူကလီးယား စမ်းသပ်ဇုန်တွေနားမှာ ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှု ပြဿနာတွေ ရှိနိုင်တယ် ဆိုတာကို ငြင်းဆန် ပယ်ချထားပါတယ်။
Transitional Justice Working Groupကတော့ အဲဒီလို နေရာတွေကနေ ထွက်ပြေးလာတဲ့ မြောက်ကိုရီးယား နိုင်ငံသားတွေကို ပြန်လည် စိစစ်ပြီး ရေဒီယို သတ္တိကြွ အဆိပ်သင့်မှု ကူညီ ဆေးစစ်ပေးဖို့ တောင်ကိုရီးယား အစိုးရကို တိုက်တွန်း မေတ္တာ ရပ်ခံထားပါတယ်။ အဲဒီလို ဆေးစစ်ခံရသင့်တဲ့ ဦးရေဟာ ၉၀၀ လောက်ထိ ရှိမယ်လို့ ယူဆရပါတယ်။
မြောက်ကိုရီးယားဟာ ပွန်ဂျီရီမှာ ပထမဆုံး နျူကလီးယား စမ်းသပ် ဖောက်ခွဲမှုကို ၂၀၀၆ ခုနှစ်က ပြုလုပ်ခဲ့တာပါ။ ၂၀၁၅ တုန်းက တောင်ကိုရီးယား စားနပ်ရိက္ခာနဲ့ ဆေးဝါး လုံခြုံမှု စိစစ်ရေး ဌာနဟာ မြောက်ကိုရီးယားက မှိုခြောက်တွေကို တရုတ်ရဲ့ ထုတ်ကုန်အဖြစ် တင်သွင်းလာတာကို စစ်ဆေးကြည့်တဲ့အခါ ရေဒီယို သတ္တိကြွ စီဆီယမ် အိုင်ဆိုတုပ်တွေ ရောနှောပါဝင်နေတာမျိုး စစ်ဆေး တွေ့ရှိခဲ့ဖူးပါတယ်။
လက်ရှိ အချိန်မှာတော့ မြောက်ကိုရီးယား စစ်တပ်ဟာ သတ္တမ အကြိမ်မြောက် နျူကလီးယားလက်နက် စမ်းသပ်ဖို့အတွက် ပွန်ဂျီရီမှာ ပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီလို့ အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ထောက်လှမ်းရေးတွေ၊ စောင့်ကြည့်လေ့လာသူတွေက ယုံကြည်နေကြပါတယ်။
