တပ်မဟာ(၄)တွင် အခြား KTLAတပ်ဖွဲ့တို့ ရှိသော်လည်း ကော်လာဖိုးအဖွဲ့ကသာ KNUကို နှောက်ယှက်ဆန့်ကျင်နေဟု ပြော
စစ်ကောင်စီနှင့်ပူးပေါင်းမှုမရှိ၊ စစ်ကောင်စီကသာ KNU၏ ဝင်ငွေပေါက်များအားလိုက်ပိတ်နေဟု ရှင်းလင်း
ကရင်အမျိုးသားအစည်းအရုံး(KNU) ဘိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)နှင့် တိုက်ပွဲဖြစ်ပွားနေသည့် ကော်သူးလေအာမီ(KTLA) ဗိုလ်ကော်လာဖိုး (ခ)စောအယ်ခွီးအဖွဲ့၏ နောက်ကွယ်၌ ကြိုးကိုင်နေသူများရှိနေကြောင်း KNU တပ်မဟာ(၄)ဘိတ်ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နာဒိုက ပြောသည်။
ပဒိုစောအယ်နာဒိုကို မေးမြန်းထားသည့်အင်တာဗျူးကို Salween Pressသတင်းဌာနက ယနေ့ ဖော်ပြခဲ့ရာ ပဒိုစောအယ်နာဒိုကဒေသတွင်းအခြေအနေများနှင့် ပဋပက္ခ ဖြစ်ပွားနေမှုများနှင့်ပတ်သက်ပြီး ပြောကြားခဲ့ခြင်းဖြစ်သည်။
တပ်မဟာ(၄)နယ်မြေ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်ရင်း (၁၁)နှင့် KNLA တပ်ရင်း (၂၀၃) နယ်မြေတို့၌ KTLA တပ်များရှိသော်လည်း KNLA တပ်မဟာ(၄)နှင့် ပြဿနာမရှိကြောင်း၊ ထီးခီးနယ်စပ်တလျှောက် အခြေစိုက်သည့်ကော်လာဖိုး(ခေါ်) စောအယ်ခွီးအဖွဲ့ကသာ KNUကိုနှောက်ယှက်ဆန့်ကျင်နေခြင်းဖြစ်ကြောင်း ပဒိုစောအယ်နာဒိုက ပြောသည်။
အဆိုပါကော်လာဖိုးအဖွဲ့နှင့် တပ်မဟာ(၄)အကြား တိုက်ပွဲများ ရှိခဲ့ကြောင်း တိုက်ပွဲဆက်ဖြစ်မဖြစ် မခန့်မှန်းနိုင်သော်လည်း KNUကို ဆက်ပြီးအနှောက်အယှက်ပြုလုပ်မည်ဆက်လက် ဆန့်ကျင်မည်ဆိုပါက လက်နက်ကိုင်ပဋိပက္ခက ထိန်းရခက်သည်ဟု ၎င်းကိုသည်။
“ဒီပြဿနာ အရင်းခံကအယ်ခွီးတို့ အဖွဲ့မဟုတ်ဘူး။ ကြိုးကိုင်တဲ့ လူပုဂ္ဂိုလ်တွေရှိလို့ ကျွန်တော်တို့က အဲဒီသူတို့နဲ့တော့ အဖြေရှာရမယ်။ KNU ဘက်ကအမြဲတမ်းထုတ်ဖော်ပြောတယ်။ ကျွန်တော်တို့ မြိတ်-ထားဝယ်ခရိုင်ဘက်က အမြဲတမ်း ထုတ်ဖော်ပြောတယ်။ ကျွန်တော်တို့ ခရိုင်မှာ ကျွန်တော်တို့ တပ်မဟာမှာ ကရင်လက်နက်ကိုင်အဖွဲ့၊ ကရင်နိုင်ငံရေးအဖွဲ့တစ်ဖွဲ့ပဲရှိရမယ်။ စစ်ရေးအရတော့ပူးပေါင်းလို့ရတယ်။ ဒါပေမဲ့ နိုင်ငံရေးအဖွဲ့အစည်း လက်နက်ကိုင်အဖွဲ့အစည်း နောက်တစ်ခု တပ်မဟာ(၄)ကို ဖြိုခွဲပြီးတော့ အစားထိုးမယ်ဆိုရင် ကျွန်တော်တို့က လက်မခံဘူး။ ဒီပြဿနာကို ဖြေရှင်းနိုင်မှသာလျင် ကျွန်တော်တို့က KTLA ပြဿနာနဲ့ KNLA ပြဿနာကို ဖြေရှင်းရမယ်”ဟု ပဒိုစောအယ်နာဒိုက ပြောသည်။
လက်ရှိတွင် ကော်လာဖိုးအဖွဲ့က KTLA နာမည်ထားထား၍ KTLAကို ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ဦးဆောင်ကြောင်း ၎င်းက ဆိုသည်။ ဗိုလ်မှူးချုပ်စောနယ်ဒါးမြသည် ဝေါ်လေတိုက်ပွဲ၌ တံတားလုပ်ငန်းခွင်မှ အရပ်သားများအစုလိုက်သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး KNU၏ စုံစမ်းစစ်ဆေးမှုကို လက်မခံ၍ ၎င်း၏ တာဝန်ကို ရပ်စဲခဲ့ပြီးနောက်ပိုင်းတွင်အဖွဲ့မှ ထုတ်ပယ်ခဲ့သည်။
“KTLAက စောနယ်ဒါးမြက ဦးဆောင်တယ်။ အဲဒီလိုပဲ နားလည်တယ်။ သိတယ်။ ဒါကြောင့်မို့လို့ သူက အဓိကတာဝန်ရှိတယ်။ ဒါပေမဲ့ သူက ဘာမှ ဆက်သွယ်မလားဘူး ဘာမှ မပြောလာဘူးဆိုတော့ တအားခက်တယ်။ နောက် ဘယ်သူ၊ ဘယ်သူ ကော်လာဖိုးကို ကြိုးကိုင်လဲတော့ ကျွန်တော်တို့ အသေးစိတ်မသိဘူး။ ဒါပေမဲ့ ဒီအဖွဲ့က ကျွန်တော်တို့သိသလောက်တော့ ကြိုးကိုင်မယ့်သူတွေကများတယ်။ ငွေရေးကြေးရေးထောက်ပံ့ပြီး သူတို့ ရည်မှန်းချက် သူတို့ လုပ်စေချင်တဲ့ဟာကို လုပ်ပေးဖို့ အဲဒီလို ပုံစံတော့အနေအထားရှိတယ်” ဟု ပဒိုစောအယ်နာဒိုက ပြောသည်။
KNU၏ သဘောထားမှာ ကရင်အချင်းချင်း ပြဿနာမဖြစ်လိုကြောင်း၊ ဗိုလ်ကော်လာဖိုးအဖွဲ့မှ ခေါင်းဆောင်နှင် တပ်ဖွဲ့ဝင်များသည် ယခင်က KNU အဖွဲ့ဝင်များဖြစ်ကြောင်း၊ ၎င်းတို့ ပြန်လာပါက လက်ခံနိုင်ကြောင်း ပဒိုစောအယ်နာဒိုက ပြောသည်။
“ဒါပေမဲ့ KNU အဖွဲ့အစည်းကို မဆန့်ကျင်ဘဲနဲ့ ပြီးတော့ ကိုယ့်ဦးဆောင်မှုအောက်မှာ ရှိရင် ပြီးရော”ဟု ၎င်းက ဆိုသည်။
KNU တပ်မဟာ(၄)အား စစ်ကောင်စီနှင့် ပူးပေါင်းနေသည်ဟုပြောဆိုချက်အား မည်သည့်အချက်ကို ကြည့်ပြောဆိုနေသည်ကို နားမလည်ကြောင်း ပဒိုစေအယ်နာဒိုက ပြောသည်။
“ကျွန်တော်တို့ ရှင်းပြတယ်။ ဥပမာ သူတို့ပြောတယ် KNU နယ်မြေထဲမှာ ရွှေတူးတယ်။ ကျွန်တော်တို့ ရှင်းပြပြီးပြီ KNUမှာ အုပ်ချုပ်ရေးတွေရှိတယ်။ ခရိုင်တိုင်း တပ်မဟာတိုင်းမှာ အုပ်ချုပ်ရေးနယ်မြေတွေရှိတယ်။ သူတို့အုပ်ချုပ်ရေးနယ်မြေမှာ သူတို့ ဌာနတွေရှိတယ်။ ဥပမာ ဒေသခံတွေ ရွှေတူးမယ်ဆိုရင်သူတို့က ခွင့်ပြုလိုပရတယ် သူတို့လုပ်လို့ရတယ် အဲဒါ KNU ရဲ့ အုပ်ချုပ်ရေးယန္တရားပဲ။ အဲဒါ စီးပွားရေးနဲ့ မဆိုင်ဘူး။ အဲဒါစစ်ကောင်စီနဲ့ ပူးပေါင်းပြီး လုပ်ဆောင်တာ ဘာမှ မဆိုင်ဘူး။ အဲဒါလည်း ကျွန်တော်တို့ကို သူတို့ နားမလည်သေးဘူး”ဟု ပဒိုစောအယ်နာဒိုက ပြောသည်။
၎င်းက ဆက်လက်ပြီး” ပြီးတော့ သူတို့ ပြောတယ် စစ်ကောင်စီနဲ့ လက်တွဲပြီး စီးပွားရေးလုပ်တယ်။ ကျနော်တို့ ရှင်းပြတယ်။ စစ်ကောင်စီက KNUကို စီးပွားရေး အခွင့်အရေးပေးတာ ရှိဖူးလား။ တပ်မဟာတိုင်းကို ခွင့်ပြုတာရှိလား ဦးစားပေးလား တစ်ခုမှ မရှိဘူး။ ဆန့်ကျင်ဘက်ကျတော့ စစ်ကောင်စီ KNU ဝင်ငွေအပေါက် လိုက်ပိတ်တယ်။ ထို့နည်းတူ အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ဝင်ငွေအပေါက်တွေ သူတို့ လိုက်ပိတ်တယ်” ဟု ပြောသည်။
လက်နက်ကိုင်အဖွဲ့များအား အခွင့်အရေးပေးပါက ပိုမိုတောင့်တင်းလာမည်ကို စစ်ကောင်စီက မလိုလားဟု ၎င်းက ဆိုသည်။
“အခုလုပ်ဆောင်တဲ့ဟာက ကျွန်တော်တို့ KNU ထိန်းချုပ်နယ်မြေ ကျွန်တော်တို့ လုပ်ပိုင်ခွင့်အတိုင်း ကျွန်တော်တို့ လုပ်ဆောင်တယ်”ဟုလည်း ပဒိုစောအယ်နာဒိုက ပြောသည်။
ဗိုလ်အယ်ခွီး(ခ) ဗိုလ်ကော်လာဖိုးအဖွဲ့အနေဖြင့် ၎င်းတို့၏ လုပ်ရပ်ကို မလျှော့ဘဲ KNUကို နှောက်ယှက်ဆန့်ကျင်နေပါက အဖွဲ့အစည်းနှင့် နယ်မြေကို ပြန်ကာကွယ်ရမည်ဖြစ်သည်ဟု ၎င်း ကဆိုသည်။
“သူတို့ ပြောတဲ့ တကယ့် တော်လှန်ရေး စိတ်ဓာတ်ရှိမယ်ဆိုရင် တကယ့် ကရင်လူမျိုးအတွက် အလုပ်လုပ်မယ် ဆိုရင် ရည်မှန်းချက်ရှိမယ်ဆိုရင် အဲဒါညှိနှိုင်းလို့ရပါတယ်။ ဒါပေမဲ့ သူတို့ ပြောတာ တစ်မျိုး လုပ်တာတစ်မျိုးဆိုရင်တော့ ကျနော်တို့ကလည်း ညှိနှိုင်းရတာခက်တယ်။ တပ်မဟာ(၄) ဧရိယာသော်လည်းကောင်း တခြား KNU ဧရိယာမှာ သော်လည်းကောင်း တော်လှန်ရေးအင်အား စုတွေအများကြီးရှိတယ်”ဟု ပဒိုစောအယ်နာဒိုက ပြောသည်။
၎င်းက ဆက်လက်ပြီး “လက်တွဲလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီတော်လှန်ရေး အင်အားစုတွေက KNUကို လေးစားတယ်။ ပြီးတော့ KNUလုပ်ပိုင်ခွင့်သော်လည်းကောင်း KNU ထိန်းချုပ်နယ်မြေကိုသော်လည်းကောင်း သူတို့က အသိအမှတ်ပြုတယ်။ ပြီးတော့KNU ဦးဆောင်မှုလည်း သူတို့ကလက်ခံတယ်။ အဲဒီလို သဘောထား ရှိမယ်ဆိုရင် ပြဿနာမရှိဘူး” ဟု ပြောသည်။
