စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် စစ်ကောင်စီနှင့်ပျုစောထီးများအား တိုက်ခိုက်ရန် မြေမြုပ်မိုင်းထောင်စဉ် မတော်တဆဖြစ်ရပ်ကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကျဆုံးကာ ငါးဦးဒဏ်ရာရခဲ့သည်။
ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သောကျောက်လုံးကြီး KLG တပ်မဟာမှ ရဲဘော်ခြောက် ဦးသည် ယနေ့(ဖေဖော်ဝါရီ ၈ရက်) နံနက်က စစ်ကောင်စီလမ်းကြောင်းတစ်နေရာတွင် မိုင်းထောင်စဉ် မတော်တဆဖြစ်ရပ်ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ရဲဘော် ခြောက်ဦးမိုင်းထိတယ်။ တစ်ဦးကျဆုံးသွားတယ်။ငါးဦးကတော့ သက်သာနေပါပြီ” ဟု ကျောက်လုံးကြီးKLG တပ်မဟာ ပြန်ကြားရေးအရာရှိက ပြောသည်။
ကျဆုံးသွားသည့်ရဲဘော်သည် အသက် (၂၈)နှစ် အရွယ် ရဲဘော်ဇော်ကြီးဖြစ်သည်။
ရဲဘော်ဇော်ကြီးသည် မိုင်းထုတ်လုပ်တပ်ဆင်ရေးတွင် ကျွမ်းကျင်သူဖြစ်ပြီး မမျှော်လင့်သော ယခုဖြစ်ရပ်အတွက် အလွန်ဝမ်းနည်းရကြောင်း ကျောက်လုံးကြီးKLG တပ်မဟာ ရဲဘော်တစ်ဦးက ပြောသည်။
ကျောက်လုံးကြီး KLG တပ်မဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ၂၀၂၁ ဧပြီက ဖွဲ့စည်းခဲ့ပြီး တော်လှန်ရေးကာလ (၂)နှစ်ခန့်အတွင်း မိုင်းမတော်တဆဖြစ်ရပ်ကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးကျဆုံးကာ ကိုးဦးဒဏ်ရာရရှိခဲ့သည်။
ကျောက်လုံးကြီးKLG တပ်မဟာသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၏ အောက်တွင် ယင်းမာပင်ခရိုင်၊ အမှတ် ၂၁၊၂၂၊ ၂၃ တပ်ရင်းများအဖြစ် ဖွဲ့စည်းထားပြီးဖြစ်သည်။
