စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးခန့်သေဆုံးနိုင်ဟုဆို
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေဘို – မန္တလေးလမ်းမကြီးပေါ် စိုင်နိုင်ကွေ့တွင် PDF အယောင်ဆောင်ကာ ငွေတောင်းနေသော စစ်ကောင်စီတပ်အား အနီးကပ်ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦးခန့်သေဆုံးနိုင်ကြောင်း GZ Special Task Force – Wet Let ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စိုင်နိုင်ကွေ့တွင် အထိုင်ချပြီး PDFအယောင်ဆောင် ကာ ခရီးသွားပြည်သူများအား ငွေတောင်းနေသည့် အင်အား ၆၀ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဖေဖော်ဝါရီ ၅ရက် ညနေ ၄ နာရီခန့်မှစ၍ နာရီဝက်ကြာအနီးကပ်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း GZ Special Task Force – Wet Let ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၂ ဦးခန့် သေဆုံးနိုင်ကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။
“စိုင်နိုင်ကွေ့မှာက တပ်စွဲထားတာကြာပြီ။ PDF ပုံစံနဲ့ NLD အလံတွေဘာတွေနဲ့ ပိုက်ဆံတောင်းနေတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ စစ်ဆင်ရေးကို GZ Special Task Forceဌာနချုပ်ရဲဘော်များ၊PRFတပ်ဖွဲ့၊ ရွှေဘိုခရိုင်တပ်ရင်း(၂၃)၊ တော်ဝင်ဖီးနစ်နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
စစ်ကောင်စီတပ်၊ရဲနှင့်ပျူများနှင့် မကြာခဏထိတွေ့မှုဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲသတင်းများကို လုံခြုံရေးအရ အကန့်အသတ်ဖြင့်သာ ထုတ်ပြန်သွားမည်ဟု GZ Special Task Force အဖွဲ့ကဆိုသည်။
ဖေဖော်ဝါရီ ၃ ရက်ကလည်း ဝက်လက်နယ်အနောက်ခြမ်း၊ မန်ကျည်းတုံရွာမှ တကောင်းမင်းရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးခန့်သေဆုံးကြောင်း GZ Specisl Task Force-Wet Let အဖွဲ့က အသိပေးထားသည်။
