သေဆုံးထိခိုက်မှုများနိုင်ဟု ပကဖပြော
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ Well 2 ရေနံမြေအနီးတွင် စစ်ကောင်စီထောက်ပို့စစ်ကြောင်းအား ပစ်ခတ်ပြီးနောက် ထက်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၁ဦးခန့်သေဆုံးနိုင်ကြောင်း မြိုင်(ပကဖ) အဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောကြားသည်။
ယနေ့ (ဖေဖော်ဝါရီ၇ ရက်) မွန်းလွဲ ၁နာရီခန့်က ဖလံကိုင်းရေနံမြေမှ ပြန်လာသော စစ်ကောင်စီ၏ ထောက်ပို့စစ်ကြောင်းအား Well 2 ရေနံမြေအကျော် လမ်းပိုင်းတစ်နေရာတွင် ဇာမဏီပြောက်ကျားတပ်ဖွဲ့ ရိုင်ဖယ်သမားက ချောင်းမြောင်းပစ်ခတ်ရာ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း မြိုင်(ပကဖ) အဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောသည်။
ထို့နောက် စစ်ကောင်စီစစ်ကြောင်းကို ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးခန့်သေဆုံးနိုင်ကြောင်း ကိုလယျာ် က ဆက်ပြောသည်။

“ခြေလျင်စစ်ကြောင်းနဲ့ ၆၀ လောက်ပါတယ်။ ကားနှစ်စီးလည်းပါတယ်။”ဟု မြိုင်( ပကဖ)အဖွဲ့ခေါင်းဆောင်က ပြောသည်။
သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
“၅ ရက်နေ့မနက်ပိုင်းကတော့ Well 2 ရေနံမြေစခန်းက စစ်ကောင်စီတပ်တွေက တောင်ရိုးနဲ့ ဝဲတူးကြားက လမ်းဘေး သစ်တောတွေကို မီးရှိူ့ပြီးတော့ ဝဲတူးထဲ ပြန်ဝင်ပြီး မနေ့ညကတော့ Well 2 မှာ ညအိပ်သွားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ စစ်ဆင်ရေးကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( မြိုင် ပကဖ) ၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီအတွင်းကလည်း ဖလံကိုင်း၊ Well-2နှင့် မြိုင်နယ်အတွင်းကူးသန်းနေသော စစ်ကောင်စီထောက်ပို့စစ်ကြောင်းအား မြိုင်ပကဖနှင့် တော်လှန်ရေးအင်အားစုများက နေ့စဥ်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။
