စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ပျူစောထီးစခန်းရှိရာ တောပုကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကင်းပတ်နေသော ပျူသုံးဦးသေဆုံးကြောင်း Special Force-11 (PDF) အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဖေဖော်ဝါရီ ၃ရက် ည ၉နာရီခန့်က စစ်ကောင်စီတပ်နှင့်ပျူများ စခန်းအထိုင်ချထားသော တောပုရွာသို့ တာဝေးပစ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကင်းပတ်နေသော ပျူ သုံးဦး နေရာတွင် ပွဲချင်းပြီးသေဆုံး၍ ဒဏ်ရာပြင်းထန်သူ အများအပြားရှိကြောင်း Special Force-11 (PDF)အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အဆိုပါဒဏ်ရာများကြောင့် ထပ်မံသေဆုံးမှုများရှိနိုင်ပြီး စခန်းနှင့် ပျူအဖွဲ့ဝင်များ၏ ပစ္စည်းများလည်း အပျက်အစီးများကြောင်း အထက်ပါတာဝန်ခံက ပြောသည်။
“ပျူတွေနေတဲ့ နေရာလည်း ထိခိုက်ပျက်စီးတယ်ဗျ။ လပြည့်နေ့အတွက် အပျော်အပါးလုပ်ဖို့ရာ ညကင်းပက်နေတဲ့ပျူ သုံးကောင်လည်း နေရာမှာတင်ပွဲချင်းပြီး သေဆုံးတယ်။ ကျန်တဲ့ ပျူအများအပြား ထိခိုက်ဒဏ်ရာ အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်။ သေနိူင်ခြေများတယ်။ လက်နက်ကြီးပစ်တဲ့အချိန်က ည ၉နာရီလောက်က စပစ်တာ။ ည ၁၁ ဝန်းကျင်အထိ အချိန်အားဖြင့် ခန့်မှန်း ၂နာရီ နီးပါး ကြာပါတယ်”ဟု Special Force-11 (PDF) အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ထို့အပြင် စစ်အုပ်စုဘက်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ စစ်ဆင်ရေးကို Special Force-11 (PDF) နှင့် Monywa Dynamite-Special Task Force၊ Special Guerrilla Force (SGF) Monywa၊Aung San Force တပ်ရင်း-(၅) ၊ BLack Wolf Defense Force Monywွa တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ စစ်ဆင်ရေးတွင် Monywa ဗန္ဓုလနှင့်အဖွဲ့သားများ (LDF)၊Monywa Specialဒိတ်ဒိတ်ကြဲ (PDF)၊ PDF – South Monywa တို့ကလည်း ပူးပေါင်းကူညီခဲ့ကြောင်း အသိပေးထားသည်။
ဖေဖော်ဝါရီ ၁ရက် ညကလည်း အဆိုပါ ပျူစောထီးများက (၆၀)မမ လက်နက်ကြီးတစ်လုံး ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် တောပုကျေးရွာ၏ အနောက်ဘက်ရှိ ကျေးရွာများဘက်သို့ကျကာ အသက်(၈၈)နှစ်အရွယ် အဘွားတစ်ဦး ယာဘက်ရင်အုံတွင် လက်နက်ကြီးအစ ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း မုံရွာဒေသခံအချို့က ပြောသည်။
တောပုကျေးရွာသည် မုံရွာမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားသည့် ပျူအင်အားကောင်းရာ ရွာတစ်ရွာဖြစ်သည်။
