ဇေအောင်/People’s Spring
ဆရာတော်သံဃာတော်များ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်နေ၍ စစ်အာဏာရှင်ကို အနိုင်ရသည်အထိ ပူးပေါင်းပါဝင်ပေးရန် ဝင်းနိမ္မိတာရုံကျောင်းတိုက် စာသင်သားဟောင်း တပည့်သံဃာတော်များက လျှောက်ထားတောင်းဆိုလိုက်သည်။
ဝင်းနိမ္မိတာရုံကျောင်းတိုက် စာသင်သားဟောင်း တပည့်သံဃာတော်များက ယနေ့ (ဇွန်လ ၂၄ ရက်)တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်၍ သံဃာထုအား တောင်းဆိုလိုက်ခြင်းဖြစ်သည်။
စစ်ကောင်စီမှ ဗုဒ္ဓသာသနာနှင့် မြန်မာ့လူ့အဖွဲ့ အစည်းအား အလုံးစုံဖြိုချခြင်း(Year Zero)ကို လုပ်ဆောင်လာ၍ အလျှော့မပေးစတမ်း ခုခံကြပါရန် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ဆရာတော်ဘုရားကြီး၏ တပည့်သံဃာ့တော်များက သဘောထားထုတ်ပြန်သည်။

Public Service Announcement
စစ်အာဏာရှင်တို့သည် ဇွန်လ ၁၉ ရက်က ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသအား သတ်ဖြတ်ခဲ့ပြီးနောက် ဇွန်လ ၂၃ ရက်တွင် မြင်းခြံမြို့နယ်၊ ဆခမကျေးရွာကျောင်းထိုင်ဆရာတော်ဦးဥတ္တမအား ထပ်မံပစ် သတ်ခဲ့သည်။
စစ်အာဏာသိမ်းပြီးချိန်မှစ၍ မြန်မာပြည်သူတို့၏နေအိမ်ပေါင်း တစ်သိန်းခန့် မီးရှို့ဖျက်ဆီးခံထားရပြီး နေ့စဥ်နှင့်အမျှ နိုင်ငံအနှံ့ ဆက်လက် မီးရှို့ဖျက်ဆီးခံနေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
တစ်နိုင်ငံလုံးမှ ပြည်သူသန်းပေါင်းများစွာ စစ်ဘေးရှောင်နေရပြီး စားဝတ်နေရေး၊ စီးပွားရေးအပါအဝင် မြန်မာ့လူမှုဘဝ အဆောက်အအုံ ပြိုကျပျက်စီးနေပြီဖြစ်ကြောင်း ဆရာတော်ကြီး၏ တပည့်သံဃာတော်များက ဆိုသည်။
စစ်အာဏာရှင်တို့သည် တိုင်းပြည်ကို ၎င်းတို့ရာသက်ပန် အုပ်ချုပ်နိုင်ရန်အတွက် စစ်အာဏာရှင်စနစ်၏ ကျေးကျွန်များအဖြစ် သွတ်သွင်းမည့် လူ့အဖွဲ့အစည်းအသစ်ကိုတည်ဆောက်ရန် လူ့အဖွဲ့အစည်းဟောင်းကို ဖြိုချမည့် အလုံးစုံဖြိုချရေးနှင့် သုညအခြေအနေမှ ပြန်လည်စတင်ခြင်းဆိုသည့် Year Zero အစီအစဥ်ကို ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် အသိပေးသည်။
စစ်အာဏာရှင်တို့သည် ၎င်းတို့အလိုကျစေခိုင်း ၍ရမည့် ဘာသာရေးအဖွဲ့အစည်းတစ်ရပ်ကို မဘသဆိုသည့်သဘောတရား သွတ်သွင်းပြီး ဥစ္စာပစ္စည်းများ၊ ငွေကြေးများဖြင့် စည်းရုံးနေသည်မှာ အချိန်တစ်ခုကြာခဲ့ပြီဖြစ်ကြောင်း၊ ဒီမိုကရေစီကိုလိုလားသောပြည်သူများသည် ၎င်းတို့အုပ်စိုးမှုကို လက်မခံသည့်အတွက် သုံးနှစ် ကျော်သည်အထိ ခိုင်မာသောဇွဲသတ္တိဖြင့် စစ်အာဏာရှင်တို့ကို ဆန့်ကျင်နေကြဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားသည်။
ယခုအခါဘက်စုံကျဆုံးနေပြီး အင်အားချိနဲ့လာသော စစ်အာဏာရှင်တို့သည် သံဃာအဆောက်အဦးအား ၎င်းတို့အလိုကျ ကြိုးဆွဲစေခိုင်းအသုံးချရန်(လိုအပ်လျှင် စစ်မြေပြင်သို့သွားရန်) နောက်ဆုံးအကဲစမ်းပွဲတစ်ခုကို ပြင်ဆင်လျက်ရှိကြောင်း၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ကြီးကဲ့သို့သော သံဃာလောက၏ အထင်ကရဆရာတော်ကြီးတစ်ပါးကို လုပ်ကြံသတ်ဖြတ်၍ သံဃာအဆောက်အဦး၏ နာခံမှုကို အကဲစမ်းနေပြီဖြစ်ကြောင်း တပည့်သံဃာတော်များက သတိပေးသည်။
သံဃာတော်အရှင်သူမြတ်တို့အနေဖြင့် မြတ်စွာဘုရား၏ သာသနာ့ဝန်ကိုထမ်းရသည့်ဘဝမှ စစ်ဘုရားအမိန့်တော်ကို နာခံရသော စစ်နန်းတွင်းသာသနာတော်အဆင့်ကို သွတ်သွင်းနေသည်ကိုသတိရှိတော်မူရန်၊ နှစ်ပေါင်းတစ်ထောင်ခိုင်မြဲလာသော ဗုဒ္ဓဘာသာ ယဥ်ကျေးမှုလူ့အဖွဲ့အစည်းမှ စစ်အာဏာရှင်ကြိုးဆွဲရာကရသော စစ်ကျွန်လူ့အဖွဲ့အစည်းကို ဖော်ဆောင်နေသည်ကို သတိပြုကြရန် ထပ်မံသတိပေးသည်။
အားလုံးဖြိုချဖျက်ဆီးနေသော စစ်တပ်၏ Year Zero အစီအမံကို ခုခံနေသော ပြည်သူနှင့်လက်တွဲ၍ စစ်အာဏာရှင်တို့ကို အနိုင်ရသည်အထိ အချိန်မနှောင်းမီ ပူးပေါင်းပါဝင်ပေးရန် အချိန်တန်ပြီဖြစ်ကြောင်း တပည့်သံဃာတော်များက ဆိုသည်။
ထို့ကြောင့် သံဃာတော်များအား ရိုက်ပုတ်နှိပ်စက်ဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှင်းဆဲသတ်ဖြတ်ခြင်းများ ပြုလုပ်နေသောစစ်ကောင်စီကို ဘာသာရေးအရ ဆက်ဆံမှုမလုပ်ဘဲ သပိတ်မှောက်ကံဆောင်ကြောင်း ဆရာတော်ကြီး၏ တပည့်ဟောင်းသံဃာတော်များက လျှောက်ထားသည်။
သပိတ်မှောက်ကံဆောင်မှုနှင့်ပတ်သက်၍ပြောဆိုနိုင်ပြီး ပြောမည့်ဆိုမည့် မထေရ်များမရှိဘဲ ဆိတ်ဆိတ်နေတော်မူလျှင် သဘောတူသည်ဟု သတ်မှတ်ကြောင်း ထပ်မံအသိပေးထားသည်။
“သပိတ်မှောက်တဲ့အဖွဲ့တွေကလည်း သပိတ်တွေမှောက်နေပြီ။ လှုပ်ရှားလို့ရတဲ့ဆီကနေ လှုပ်ရှားနေပြီ။ ဆရာတော်ကြီးရဲ့ စျာပနာကို မြို့ထဲကကောအဝေးကကော လိုက်ပါ ပို့ဆောင်ဖို့ပေါ့၊ အားလုံးချိတ်ဆက်ပြီးတော့ မြို့နယ်အလိုက်တွေအစုံ ဝိုင်းဝန်းပြီး သပိတ်မှောက်ဖို့ အဲဒီလိုအကြမ်းဖျင်း အစီအစဉ်တွေ သိရပါတယ်။”ဟု ဆရာတော်ကြီး၏ တပည့်ဟောင်းသံဃာတော်တစ်ပါးဖြစ်သူ ဆရာတော်မင်းပုည(ဗုဒ္ဓတက္ကသိုလ်)က မိန့်ကြားသည်။
ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်အား ယမန်နေ့(ဇွန်လ ၂၃ ရက်)တွင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တနေရာရှိ ဘုရားတစ်ဆူတွင် သံဃာတော်များစုဝေး၍ စတင်ပြုလုပ်ခဲ့သည်။
စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် နိုင်ငံတော်သံဃမဟာနာယက(ငြိမ်း၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူခဲ့ရာမှ အစပြု၍ စစ်အာဏာရှင်အပေါ် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယခုအခြေအနေသည် သပိတ်မှောက်အင်္ဂါ ၈ ချက်လုံးဖြင့် ညီနေ၍ သံဃာထုအနေဖြင့်စစ်အာဏာရှင်ကို သပိတ်မှောက် ဆန့်ကျင်ရုံမှတပါး အခြားမရှိကြောင်း ဆရာတော်မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က မိန့်ကြားထားသည်။
စစ်ကောင်စီတပ်သည် ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်အား ဇွန်လ ၁၉ ရက် နံနက်ပိုင်းက မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းဇွန် – မြို့သာလမ်းပိုင်းတွင် ပစ်ခတ်ခဲ့ရာမှ ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။
