ဒီဇင်ဘာ-၂၅၊၂၀၂၅။ သုည/People’s Spring
ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဒီဇင်ဘာ ၂၅) မှာ ပြုလုပ်ခဲ့ပါတယ်။
ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့မှာ ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားရဲဘော်တွေက Election Not Demo (ရွေးကောက်ပွဲဟာ ဒီမိုကရေစီမဟုတ်) စာသားပါတဲ့ အင်္ကျီတွေဝတ်ဆင်ပြီး စစ်တပ်ကပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။
စစ်ကိုင်းတိုင်း မြောင်-ပရိမ္မ လမ်းမပေါ် နေရာတွေမှာ စစ်တပ်ရဲ့ရွေးကောက်ပွဲကို ပြည်သူလူထုအနေနဲ့ဆန့်ကျင်ကြဖို့၊ မပူးပေါင်းကြဖို့၊ နိုင်ငံသား အခွင့်အရေးကို တန်ဖိုးထားကာကွယ်ကြဖို့ လှုံ့ဆော်တဲ့အနေနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေးပိုစတာဆိုင်းဘုတ်တွေ စိုက်ထူဆန္ဒပြခဲ့ပါတယ်။

Public Service Announcement
ယင်းလှုပ်ရှားမှုကိုမြောင်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနဲ့ခရိုင် ၊မြို့နယ်ပသုံးလုံးတာဝန်ခံကြီးတွေ ပူးပေါင်းပြုလုပ်ခဲ့ပါတယ်။
ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်မှာလည်း ၅/လက်ပံတောင်းသပိတ်စစ်ကြောင်းနဲ့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာသပိတ်ကော်မတီတို့မှ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ရေးသပိတ်ကို ပြုလုပ်ခဲ့ပါတယ်။
အလားတူ ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာမှာလည်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက “ သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့” စာသားကိုင်ဆွဲပြီး စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မှာအောင်လံလွှင့်မည်ရွှေရေကြည်သပိတ်စစ်ကြောင်းက “ သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့” စာသားကိုင်ဆွဲပြီး စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ပါတယ်။
ဓာတ်ပုံ – ဗကသများအဖွဲ့ချုပ်၊ ရွာပေါင်းစုံသပိတ်၊ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ






















































