ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ကျောက်ကြီးမြို့နယ် အတွင်းတိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ဒေသခံများကို ဓားစာခံအဖြစ် အသုံးပြုနေသည်ဟု KNU/PDFကျောက်ကြီးက ယနေ့ (ဇူလိုင် ၁၇ရက်) သတင်းထုတ်ပြန်သည်။
ကျောက်ကြီးမြို့နယ် နတ်သံကွင်း တောကြောင်ပေါက်ရွာမှ ဖမ်းခေါ်သွားသည့် ရွာသားများကို စစ်ကောင်စီတပ်က ပြန်မလွှတ်သေးကြောင်း၊ စစ်ကောင်စီက ရွာခံများကို ဓားစားခံအဖြစ် သုံးပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ဖော်ပြသည်။ ရွာခံများမည်သည့်နေ့ရက်တွင်ဖမ်းဆီးခံရသည်ဆိုသည်ကိုမူ ဖော်ပြမထားပေ။
“ဖမ်းခေါ်သွားတဲ့ လူတွေလဲသေလားရှင်လား ဘာသတင်းမှ မရတော့ပါဘူး စကစ စစ်ကြောင်းတွေ ထက်တိုးလာပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနေပါတယ် ဖမ်းခေါ်သွားတဲ့ ပြည်သူတွေအတွက် ကူညီပေးကြပါလို့ ဒေသခံတစ်ဦးက KNU / PDF ကို ပြောပါတယ်” ဟု KNU/PDF ကျောက်ကြီးက ယနေ့ သတင်းထုတ်ပြန် သည်။
KNU/PDF ပူးပေါင်းတပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်တို့ကြား နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေ၍ပြည်သူများ အနေဖြင့် သတိဖြင့် သွားလာကြရန်လိုအပ်ကြောင်းလည်း ဖော်ပြထားသည်။
