စစ်ကိုင်းတိုင်း မုံရွာမြို့တွင် ယနေ့ည ၇နာရီခန့်က ဆိုင်ကယ်စီအမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က ကားဖြင့်လိုက်တိုက်ပြီး သေနတ်ဖြင့်ပစ်၍ တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
“စစ်ကောင်စီက သေနတ်နဲ့လိုက်ပစ်လို့ ကောင်လေးတစ်ယောက် သေသွားတယ်”ဟု မုံရွာမြို့ခံတစ်ဦးက ပြော သည်။
ယနေ့(ဇူလိုင် ၇ရက်) ည ၇ နာရီခန့်တွင် ယင်းဖြစ်ရပ်ဖြစ်ပွားခဲ့ကြောင် ဒေသခံများက အတည်ပြုသည်။

မုံရွာမြို့ Topကိုယ်ပိုင်ကျောင်းလမ်းနှင့် ဆည်မြောင်းလမ်းဆုံတွင် ဆိုင်ကယ်စီးလာသော အမျိုသားနှစ်ဦးအား စစ်ကောင်စီကားက နောက်မှလိုက်တိုက်ကာ ဆိုင်ကယ်လဲကျသွားစဉ် သေနတ်ဖြင့်ပစ်ခတ်၍ တစ်ဦးသေဆုံးသွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး လူမှုကွန်ရက်စာမျက်နှာက ထုတ်ပြန်ထားသည်။
” ည ၈ နာရီမထိုးခင် အချိန်များဟာ အလုပ်သမားများ အလုပ်ဆင်း အိမ်ပြန်ချိန်များ ဖြစ်ပါသည်။ဆိုင်ကယ် နှစ်ဦးစီးလို့ အသေသတ်တာ မြန်မာနိုင်ငံမှာပဲရှိပါတယ် ခင်ဗျာ”ဟု မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး လူမှုကွန်ရက်စာမျက်နှာက ထုတ်ပြန်ထားသည်။
ကျန်အမျိုးသားတစ်ဦး၏ နောက်ဆက်တွဲ အခြေအနေကို မသိရသေးပေ။
