ပြည်သူလူထုက ပံ့ပိုးသည့် ငွေကြေးများဖြင့် အီနာဂါဗုံးသီးနှင့် ကျည်များကိုဝယ်ယူထားကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့ ဖြစ်သော ကော်ဘရာစစ်ကြောင်း၏ တပ်ခွဲ(၁)က ထုတ်ပြန် သည်။
“အမြင်အားဖြင့် နည်းတယ်ထင်ရပေမယ့် တန်ဖိုးငွေ ၁၈ သိန်းကျော်ခန့်အကုန်ကျခံပြီး ပွဲကဖို့ဝယ်ယူစုဆောင်းထားတဲ့ လက်နက်ခဲယမ်းတချို့ဖြစ်ပါတယ်။ စုစုပေါင်း ၂၅ သိန်းဖိုးခန့် ဝယ်ယူထားပြီး ထပ်မံရရှိအောင်လည်းကြိုးစားနေပါတယ်။လမ်းကြောင်းအခက်အခဲတွေကြောင့် ဝယ်ယူရခက်ခဲမှုများ ရှိပါတယ်။”ဟု ကော်ဘရာစစ်ကြောင်းတပ်ခွဲ(၁)က ဖော်ပြထားသည်။
ကော်ဘရာစစ်ကြောင်းတပ်ခွဲ(၁)၏ YouTube Channel ချိန်နယ်၌ ကြော်ငြာများ စဝင်နေပြီဖြစ်၍ ပိုမိုအားစိုက်ကြည့်ရှုပေးကြရန် နှင့် YouTube Channel က ရသည့် ငွေကြေးဖြင့် မကြာမီ လက်နက်ခဲယမ်းများ ဝယ်ယူနိုင်ရန် မျှော်လင့်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ပံ့ပိုးထားသည့် အလှူရှင်များအတွက် ဂုဏ်ပြုမှတ်တမ်းများကိုပြန်လည်ထုတ်ပေးနိုင်ရန် ကြိုးစားနေကြောင်း၊ ပြည်သူတစ်ဦးချင်းစီကို ကျေးဇူးအထူးတင်ရှိကြောင်း ဖော်ပြခဲ့သည်။
ကော်ဘရာစစ်ကြောင်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ Cobra Column ကို မသမာသူ အကြမ်းဖက်အုပ်စုက နှောက်ယှက်နေ၍ 5 Starပေးပြီး Good Review များရေးပေးကြရန်လည်း တောင်းဆိုထားသည်။

ကော်ဘရာစစ်ကြောင်းသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကပင် မြ၀တီ – ဝေါ်လေလမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်များ အထိနာအောင် တိုက်ခိုက်နိုင်ခဲ့သည့် စစ်ကြောင်းဖြစ်သည်။ အဆိုပါ တိုက်ပွဲ၌လည်း စစ်ကောင်စီတပ်ထံမှ လက်နက်ကြီး မျိုးစုံ ၁၆၀ကျော်၊ ကျည်ဆံမျိုးစုံ ၁၂,၀၀၀ ကျော်နှင့် စစ်သုံးပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
