“ပညာရေးမှာလည်းရန်သူမရှိရဘူးလေ။ အခုကပညာရေးကြောင့်တစ်ဖက်နဲ့တစ်ဖက်ပိုပြီးတော့တင်းမာပိုပြီးတော့မှနားလည်မှုတွေမကောင်းလာအောင်လုပ်တဲ့အနေအထားမျိုး မဖြစ်သင့်၊မဖြစ်စေချင်တော့ဘူး”
■KNU ဗဟိုပညာရေးဌာနအတွင်းရေးမှူး ပဒိုစောလော်အယ်မူးနှင့်မေးမြန်းခန်း
ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNU/KNLA) အုပ်ချုပ်ရေးနယ်မြေတွေမှာ KNU ပညာရေးစနစ်နဲ့သင်ကြားပေးနေတဲ့ စာသင်ကျောင်းပေါင်းတစ်ထောင်ကျော် ဖွင့်လှစ်ထားပါတယ်။ဒီနှစ်မှာကျောင်းသားတွေတဟုန်ထိုးတိုးလာနေပါတယ်။စာသင်ကျောင်းတွေဖွင့်လှစ်တာမှာလုံခြုံရေးအပါအဝင်ကြုံတွေ့ရတဲ့စိန်ခေါ်မှုတွေကို KNU ဗဟိုပညာရေးဌာန အတွင်းရေးမှူး ပဒိုစောလော်အယ်မူးကို People’s Springသတင်းဌာနကဇွန် ၁၇ ရက်မှာဆယ်သွယ်မေးမြန်းထားတာကိုဖော်ပြလိုက်ပါတယ်။
မေး-ဒီနှစ် ပညာသင်နှစ်မှာ KNU အုပ်ချုပ်ရေးနယ်မြေမှာ စာသင်ကျောင်းတွေဖွင့်လှစ်နိုင်မှု အခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ-လောလောဆယ်ဆယ်တော့ ကျွန်တော်တို့ ကျောင်း အကုန်လုံးပြန်ဖွင့်နိုင်တယ်။ ကျောင်းဘယ်နှစ်လုံးတိုး လာလဲဆိုတဲ့ စာရင်းအချက်အလက်တော့အခုမြေပြင်မှာရှိတဲ့ ဝန်ထမ်းတွေက စာရင်းလိုက် ကောက်နေတုန်း။ ကျွန်တော်တို့ဆီမှာတော့ စာရင်းချုပ်မရသေးဘူး။ ဒါပေမဲ့ ကျောင်းအရေအတွက် အားလုံး ပြန်ဖွင့်နိုင်တယ်။ ပြီးခဲ့တဲ့နှစ်ဆိုရင် ကျွန်တော်တို့ ကျောင်းအားလုံး ၁၀၉၂လုံးရှိပါတယ်။ ၁၀၉၂ လုံးစလုံး ပြန်ဖွင့်နိုင်ပြီးတော့မှ ကျွန်တော်တို့ သိရသလောက် ကိုယ်ထူကိုယ်ထ ကျောင်းအနေနဲ့ ပြန် ဖွင့်ပြီး ကျွန်တော်တို့နဲ့ လက်တွဲလုပ်မယ့် ကျောင်းအသစ်တွေလည်း ရှိလာတာပေါ့။ နောက်ပိုင်းမှာလည်း SAC(စစ်ကောင်စီ) ကလည်း ကျောင်းပြန်ဖွင့်ခိုင်းတယ် နောက် သူတို့ တိုက်ရိုက်မဖွင့်သည့်တိုင်အောင် ကျွန်တော်တို့ ဒေသမှာ အခြားသော ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွဲလုပ်ပြီးတော့မှ ကျွန်တော်တို့ဒေသမှာ ရှိတဲ့ ကျောင်းတွေ ဖွင့်ခိုင်းတာတော့ ရှိတာပေါ့။
မေး-ကျောင်းပေါင်းတစ်ထောင်ကျော်မှာ အထက်တန်း အလယ်တန်း ကောလိပ် ကျောင်းတွေလည်း ပါတာလား။
ဖြေ-ကောလိပ်က ခုန အရေအတွက်မှာ မပါဘူး။ ကောလိပ်ကကျွန်တော်တို့ဒေသမှာ ၁၀ကျောင်းလောက်ရှိမယ်။ အထက်တန်းကျောင်းက ၁၀၉၂ လုံးထဲမှာ အားလုံးပေါင်း ၃၂လုံးရှိတယ်။ပြီးတော့ အလယ်တန်းက အတိအကျတော့မသိဘူး ဒါပေမဲ့ ၂၀၀ ကျော်ရှိမယ်။ များသောအားဖြင့် မူလတန်းအဆင့်ကျောင်းတွေများတယ်။
မေး-KNU တပ်မဟာ နယ်မြေ ခုနစ်ခုလုံးမှာ ကျောင်းတွေ ဖွင့်နိုင်တာပေါ့။
ဖြေ- ဟုတ်တယ်။ အားလုံး ကျွန်တော်တို့ ဖွင့်နိုင်တယ်။ တချို့ဒေသမှာဆိုရင် NUG က ကြားကာလ ပညာရေး အစီအစဉ်နဲ့ ကျောင်းတွေဖွင့်တာလည်းရှိတယ်။ ဒီအပေါ်မှာလည်း သူတို့ ကော်မတီတွေရှိတယ်။သူတို့ ကော်မတီနဲ့ ကျွန်တော်တို့ ပညာရေးဌာန တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေလည်း ဆက်သွယ်လာတာတွေရှိတယ်။ ဒါကြောင့် ခရိုင် ခုနစ်ခုစလုံး ပြန်ဖွင့်နိုင်တယ်။ ဒါထက်မက ကျောင်းတွေလည်း များလာနိုင်တယ်ပေါ့။
မေး-ကော်သူးလေ ပညာရေးစနစ်နဲ့ ဒီဘက်ကစနစ် အဓိကဘာတွေကွာပါသလဲ။
ဖြေ-ကွာတာက ဘာသာရပ်တော့ သိပ်မကွာဘူး။ ဒါပေမဲ့ မြန်မာပြည်အစိုးရ ပညာရေးစနစ်ကကျွန်တော်တို့တိုင်းရင်းသားဘာသာကိုတော့ မသင်ကြားဘူး ကျွန်တော်တို့ ကျောင်းမှာ ကျတော့ ဘာသာရပ်ဆိုရင် အင်္ဂလိပ်၊ ကရင်နဲ့ ဗမာသုံးခု ကျွန်တော်တို့ စာသင်တယ်။ ပြီးတော့မိခင်ဘာသာကို အခြေပြုပြီးသင်ကြားတာပေါ့။ မူလတန်းအဆင့် ဆိုရင် သိပ္ပံတို့ ၊ သင်္ချာတို့ ၊ ပထဝီတို့ ဒါတွေက ကျွန်တော်တို့ ကရင်လိုသင်ပြီး အလယ်တန်းနဲ့ အထက်တန်းမှာ ဆိုရင် အင်္ဂလိပ်လိုပဲ အင်္ဂလိပ်နဲ့ ကရင် နှစ်ခုတွဲပြီး တော့မှပေါ့။ သမိုင်းဘာသာရပ်ဆိုရင်တော့ ဒါကတော့ တစ်ဖက်နဲ့ တစ်ဖက် ငြင်းဆိုပြောတာပဲလေ။ သူတို့ဘက်က ကျွန်တော်တို့ကို သောင်းကျန်းသူလို့ ခေါ်တယ် ကျွန်တော်တို့ကလည်းသူတို့ကိုဒီတိုင်းပြည်ကို အနိုင်ကျင့် အုပ်စိုးတဲ့သူလို့ ပြောတာ ဒါတွေတော့ ကွာခြားတာပေါ့။
မေး-KNU နယ်မြေတွေမှာ ကျောင်းသားဦးရေ တိုးလာတဲ့ အနေအထားကိုရှင်းပြပေးပါလား
ဖြေ-ကျောင်းသားဦးရေတိုးလာတာက တချို့ဒေသ တချို့ကျောင်းမှာ အဆမတန် တိုးလာတယ်။ တချို့ကျောင်းတွေက ကျွန်တော်တို့ ခန့်မှန်းတာ ၇၀၀ လောက်ရှိလာနိုင်တယ်ဆိုတဲ့ ကျောင်းတွေဆိုရင် အခု ၁၃၀၀ ကျော်ပြီ။ တချို့ကျောင်းတွေက ၃၀၀ လောက် များလာနိုင်တယ် ဆိုတဲ့ကျောင်းက အခုက ၅၀၀ရှိပြီး အဲဒီလို တဟုန်ထိုးများလာတာရှိတယ်။ ဒါလည်းနယ်မြေ တည်ငြိမ်တဲ့နေရာတွေပေါ့။ လုံခြုံမှုတော့ဘယ်နေရာမှ မလုံခြုံဘူး ဒါပေမဲ့ တိုက်ပွဲတွေ မဖြစ်သေးတဲ့ နေရာ နည်းနည်း ထိန်းထိန်းသိမ်းသိမ်း လုပ်လို့ရတဲ့နေရာတွေဆိုရင် ကျောင်းသားဦးရေ ခုနကလိုမျိုး နှစ်ဆ၊ တချို့ကျောင်းမှာဆိုသုံးဆများလာတာရှိတယ်။များလာတဲ့ အကြောင်းအရင်းက အခြားသော ရွာတွေမှာ တိုက်ပွဲဖြစ်လို့ ကျောင်းမနေရဲလို့အဲဒီ ကျောင်းမှာ ရောက်လာတာရှိသလို တချို့ကျောင်းသားတွေကလည်း ပြီးခဲ့တဲ့ တစ်နှစ် နှစ်နှစ်တုန်းကလည်းကျောင်းမနေခဲ့ရဘူး။ အဲဒါ ကျွန်တော်တို့ ကျောင်းမှာ လာတက်တာ အဲဒီလိုမျိုးလည်းရှိတာပေါ့။
မေး-ပြည်သူအများစုက စစ်ကောင်စီကိုလက်မခံတော့ စစ်ကောင်စီရဲ့ကျောင်းတွေမှာ မထားချင်ကြဘူး။ ကလေးရေးပညာရေး ၂ နှစ်လောက်အဆက်ပြတ်နေတော့ပညာကိုဆက်လည်းသင်စေချင်တယ်။တချို့ဒေသတွေမှာတော့ စစ်ကောင်စီကသူတို့ကျောင်းမှာထားဖို့ဖိအားပေးခံရတာ ၊တချို့က ကလေးပညာရေးအတွက်တခြားရွေးချယ်စရာမရှိသေးလို့ အဲဒါတွေကြောင့် ကျောင်းထားလိုက်ကြတဲ့သူတွေရှိတယ်။ဒါပေမယ့် စစ်ကောင်စီကျောင်းမှာ လုံး၀မထားတဲ့ သူတွေလည်း အများကြီးရှိတော့ ဒီအခြေအနေအပေါ်ဘယ်လိုမြင်ပါသလဲ။
ဖြေ- တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တော့ ကျွန်တော်တို့ ပြောဖို့ခက်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒေသအနေအထားနဲ့ ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ ရပ်တည်ချက်ပေါ့။ ဒါကတော့ ကလေးတွေရဲ့ ပညာရေးကို နှောင့်နှေးပြီးတော့ မထိပါးစေချင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဒေသမှာ နည်းနည်း တော်သေးတာက ကျွန်တော်တို့ ကျောင်းတွေရှိထားတယ်။ စနစ်တွေ ရှိထားတော့ ဘာသိဘာသာ ဆက်လုပ်လို့ရတယ်။ တချို့သော ဒေသမှာဆိုရင် တချိန်တုန်းက အစိုးရကျောင်းမရှိသည့်တိုင်အောင် စကစ နာမည်နဲ့မဟုတ်ဘဲ ကိုယ်ထူကိုယ်ထ အနေနဲ့ ဆက်လက်ပြီး သင်ကြားတာရှိတယ်။ တချို့သော ဒေသမှာဆိုရင်လည်း CRPH/NUG အခြေစိုက် စိုးမိုးလို့ရတဲ့ကျောင်းတွေဆိုရင်လည်း ကျွန်တော်တို့နဲ့ နည်းတူတာပေါ့နော်။နည်းနည်းသူရောက်ကိုယ်ရောက်နည်းနည်း ထိစပ်ဧရိယာမှာဆိုရင်တော့ ကိုယ်ထူကိုယ်ထ ကျောင်းအနေနဲ့ ဖွင့်ပြီးတော့ NUG ဘက်မှာ ပြဌာန်းထားတဲ့ သင်ရိုးကို သင်ယူရတယ်။ ဒါပေမဲ့ SAC အာဏာသိမ်းပြီးနောက်ပိုင်း ပညာရေးမှာ ပြုပြင်ပြောင်းလဲမှု တစ်ခုမှ သူတို့ မလုပ်သေးဘူးလို့ ကျွန်တော် ရေဘူယျအားဖြင့် နားလည်ထားတဲ့အပေါ် ဒီစနစ် တစ်ခုလုံးက ပြီးခဲ့တဲ့ လူထု အစိုးရ လက်ထက်က မူဝါဒတွေပဲလို့ ပြောလို့ရတယ်လို့ ကျွန်တော်တစ်ယောက် အနေနဲ့နားလည်ထားတယ်။
မေး-အရပ်သားအစိုးရလက်ထက်ပညာရေးစနစ်အတိုင်းစစ်ကောင်စီလက်အောက်မှာသင်တယ်ဆိုပေ့မယ် အခြေခံပညာမှာCDM ဆရာ၊ဆရာမ တစ်သိန်းခွဲလောက်ရှိတယ်။အမှန်တရားမြတ်နိုးပြီးအရည်အချင်းပိုရှိတဲ့ဆရာတွေက CDM လုပ်ထားကြပြီး ကျောင်းမှာအရည်အချင်းပိုနိမ့်သူ ၊အခွင့်အရေးရလိုတဲ့ဆရာ၊ဆရာမတွေပိုများနေတယ်လို့ ပြောကြတာတွေလည်းရှိတယ်။အဲလိုဆရာ၊ဆရာမတွေဆီမှာကျောင်းထားဖို့ ၊ အာဏာတည်မြဲရေးအတွက်ဆိုရင်ကျောင်းတွေမှာတပ်စွဲဖို့ ဆန္ဒပြကျောင်းသားဆရာဆရာမတွေကိုသတ်ဖို့ဖမ်းဖို့ဝန်မလေးတဲ့စစ်တပ်အောက်ကကျောင်းတွေမှာကျောင်းထားဖို့ ၊ တော်လှန်ရေးကာလတိုက်ပွဲတွေအချိန်မရွေးဖြစ်လာနိုင်တာကြောင့်ကလေးငယ်တွေဓါးစာခံဖြစ်မှာစိုးလို့ ၊ စစ်အာဏာရှင်ကိုဆန်ကျင်ရင်းအသတ်ခံထားရတဲ့ CDMလုပ်နေတဲ့ကျောင်းသား၊ဆရာဆရာမ တော်လှန်နေတဲ့ လူငယ်တွေကိုစာနာတဲ့အနေနဲ့ စစ်ကောင်စီအောက်ကကျောင်းတွေမှာ မထားဘူး။ စစ်ကောင်စီပြုတ်ကျမှ ကျောင်းပြန်ထားမယ်။ ကြားမှာKNU ၊KIO တို့လိုEAOတွေရဲ့ကျောင်းတွေ၊NUG ကျောင်းတွေနဲအွန်းလိုင်းမှာ ၊ပုဂ္ဂလိကမှာပဲထားမယ်ဆိုတဲ့ မိဘမျိုးတွေရှိတာသိရပါတယ်။ အဲလိုခံယူချက်ရှိတဲ့ ကျောင်းသားတွေ မိဘတွေကိုရော ဘယ်လိုသတင်းစကားပါးချင်ပါလဲ။ ဒီအပေါ် ဘာပြောလိုပါသလဲ။
ဖြေ-ဒါကတော့ လူသားရဲ့ သဘောသဘာ၀အတိုင်းပဲဖြစ်မယ်ထင်တယ်။တချို့ဝန်ထမ်းတွေကရမယ့်ပင်စင်လေးတွေသူတို့ရဲ့အခွင့်အရေးတွေမဆုံးရှုံးရလေအောင်တချို့ကအာဏာသိမ်းမှုကို သဘောမတူသည့်တိုင်အောင် အဲဒီလို အတိုင်းပဲ နေတာတချို့ရှိမယ်။ တချို့ ဝန်ထမ်းတွေကလည်းအခွင့်အရေးရမယ်မျှော်မှန်းပြီးလုပ်တဲ့ဝန်ထမ်းတွေလည်းရှိကောင်းရှိနိုင်မယ်။ နောက် တစ်ခုကျတော့ CDM ဝင်တာ ကောင်းပါတယ်။ ဘာဖြစ်လဲ ဆိုတော့ အုပ်ချုပ်ရေး ယန္တရား မထူထောင်ရနိုင်အောင် စစ်အုပ်ချုပ်ရေးထူထောင်လို့မရအောင် တစိတ်တဒေသ အထောက်အကူပြုတယ်လို့ နားလည်ပြီး ယုံကြည်တာပေါ့နော်။
မေး- ကလေးငယ်တွေစစ်ကောင်စီရဲ့ကျောင်းတက်တာနဲ့ စစ်ကောင်စီကိုဖြုတ်ချဖို့ကြိုးစားတဲ့တော်လှန်ရေးမဆိုင်ဘူးလို့တချို့ပြောကြသလို ၊စစ်ကောင်စီ အနေနဲ့ ကျောင်းတွေပုံမှန်ဖွင့်နိုင်နေပြီ သူအုပ်ချုပ်လိုရနေပြီဆိုပြီး ကမ္ဘာကိုပြပြီးတရားဝင်မှု Legitimate ရဖို့ ကြိုးပမ်းတဲ့အနေနဲ့ ကျောင်းတွေဖွင့်ဖို့ အတင်းအကြပ် ဖိအားပေး လုပ်ဆောင်နေတာလို့ ပြောကြတာရှိပါတယ်။ ဒီအပေါ် မှတ်ချက်ပြုပေးပါလား။
ဖြေ-ဒါကတော့ ပြောရမယ်ဆိုရင် ဆိုင်လို့ပဲ သူတို့က တရားဝင်မှုကို ရဖို့အတွက် နည်းမျိုးစုံနဲ့ လုပ်နေတာ။ဒါကြောင့် သူတို့ရဲ့ အုပ်ချုပ်ရေး သူတို့ရဲ့ တရားဝင်မှုကို ဖော်ပြချင်တာပဲလေ။ ဒါကြောင့် တိုက်ရိုက် ဆက်နွယ်နေတယ်။ တိုက်ရိုက်လည်း ပတ်သက်နေတယ်။
မေး-စစ်ကောင်စီထိန်းချုပ်ထားတဲ့နယ်မြေက ကျောင်းသားမိဘတွေအတွက်တော့ အတော့ကို စိန်ခေါ်မှု ကြီးတယ်ပြောရမှာပေါ့နော်။
ဖြေ-ဟုတ်တယ်။ တစ်ဖက်မှာလည်း NUG အနေနဲ့ အွန်လိုင်းကနေ လုပ်နိုင်သည့်တိုင်အောင် ရာခိုင်နှုန်းများတဲ့ ကျွန်တော်တို့ ဒေသတွေက အင်တာနက်မရှိဘူး။ အင်တာနက်လိုင်း ဖုန်းလိုင်းတွေရှိသည့်တိုင်အောင် ဒေတာဖိုးတွေ လုပ်ဖို့အတွက်လည်း အခက်အခဲရှိတယ်နော်။
မေး-အခုလို အခြေအနေမှာ စိန်ခေါ်မှုတွေ ကြုံနေရတဲ့ မိဘာတွေအပေါ် ဘာပြောလိုပါသလဲ။
ဖြေ- အခြေအနေက တော်တော်လေးကို ခက်ခဲနက်ရှိုင်းတယ်။ မိဘတွေရဲ့ လိုအင်ဆန္ဒဖြစ်တဲ့ကလေးကောင်းစားရေး၊ ကလေးတွေရဲ့ အချိန်အလဟသမဖြစ်အောင်တစ်ဖက်မှာလည်း နီးစပ်ရာရှိတဲ့ အာဏာပိုင်အဖွဲ့နဲ့ တိုင်ပင်ညှိနှိုင်းပြီး ကိုယ်ထူကိုယ်ထ ကျောင်းအနေနဲ့ ဖွင့်လှစ်ပေးမယ်ဆိုရင် နောက်ပိုင်းမှာလာမယ့် အသိအမှတ်ပြုရေးတို့ လက်မှတ်သော်လည်းကောင်း အသိအမှတ်ပြုမှုတွေ လာပါလိမ့်မယ်။ အဲဒါက ကျွန်တော့်တစ်ယောက်ရဲ့ အယူအဆပေါ့ ။ ဒါကြောင့် တက်နိုင်တဲ့ဘက်ကနေ တက်နိုင်သလောက် ဒေသမှာရှိတဲ့ဆရာ၊ဆရာမတွေနဲ့တိုင်ပင်ပြီးတော့ကိုယ့်နည်းကိုယ့်ဟန် ကိုယ်ထူကိုယ်ထလိုဖွင့်ပြီး နီးစပ်ရာအာဏာပိုင်တွေနဲ့ တိုင်ပင်လိုက်ရင် အသိအမှတ်ပြုမှုကိစ္စနဲ့ တရားဝင်မှုကိစ္စတော့လုပ်သွားနိုင်မယ်။ လုံးလုံးစစ်ကောင်စီဘက်က စိုးမိုးနိုင်တဲ့ ဒေသမှာ ဆိုရင်လည်း သူတို့ကို ငြင်းဖို့အတွက်တော့ အများကြီးခက်ခဲပါလိမ့်မယ်။ ဒါကြောင့်လဲ အဲဒါကိုလည်း အပြင်မှာရောက်နေတဲ့တော်လှန်ရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ အနေနဲ့ အတွင်းထဲမှာ ရှိတဲ့ ပြည်သူလူထုတွေကိုလည်းနားလည်ပေးဖို့အတွက်ပေါ့နော် သူတို့ကို ဝေဖန်မှုတွေရှုံ့ချမှုတွေသိပ်မလုပ်ဖို့အတွက်ပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့မှာလည်း ခက်ခက်ခဲခဲ ဖြတ်သန်းရတဲ့ အနေအထားရှိကောင်းရှိနိုင်မယ်။ ဒီကလေးတွေရဲ့ အကျိုးစီးပွားရှေ့ဆုံးထားပြီးတက်နိုင်သလောက်ကျွန်တော်တို့ အဖွဲ့အစည်းတွေရဲ့ ရပ်တည်ချက်ပေါ်လစီတို့ နည်းနည်းဖြေလျှော့ပြီးတော့ ကလေးတွေအနာဂတ်ကောင်းဖို့အတွက်ဘက်ပေါင်းစုံကနေ ပူးပေါင်းပါဝင်ဖို့ ၊ လျှော့သင့်ရင်လည်း လျှော့ပေး နားလည်သင့်ရင်လည်း နားလည်ပေးဖို့ဒါကတော့တစ်ဖက်မဟုတ်ဘူး ဘက်အားလုံးပေါ့နော်။
မေး-စစ်တပ်အာဏာသိမ်းတာကြောင့် ကလေးတွေရဲ့ ပညာရေးအပါအဝင် အားလုံးက အခက်အခဲတွေရှိကြတာပေါ့။ အမြန်ဆုံးအခက်အခဲတွေပြေလည်အောင်ဘာတိုက်တွန်းလိုပါသလဲ။
ဖြေ-ဒီလိုမျိုး အခက်အခဲတွေမရှိအောင်တော့ ခုပြဿနာအစ အဲဒီ ပြဿနာကို မရှင်းသရွေ့ နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ ထိခိုက်မှုတွေကဖြစ်လာမှာပဲ။ များသောအားဖြင့် ကျွန်တော်တို့က ပြဿနာ အရင်းခံကို ကျွန်တော်တို့ ရှောင်ရှောင်ပြီး ဆွေးနွေးကိုင်တွယ်ကြတယ်လို့ ယူဆတယ်လေ။ ဒါကြောင့်ရင်းမြစ်ဖြစ်တဲ့ ပြဿနာကို ကျွန်တော်တို့ ရှင်းဖို့လိုတယ်။ အဖွဲ့တိုင်းပဲ တိုင်းပြည်ကောင်းကျိုးအတွက် ပြောနေတဲ့အတိုင်းပဲပေါ့လေ ဒါကိုတကယ့်တိုင်းပြည်ကောင်းစားဖို့ လုပ်ဆောင်ဖို့ ဒါကြောင့် ဒီစစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းပြီးတော့မှ ခုန ပြည်သူ့ ဒီမိုကရေစီ လမ်းကြောင်းဘက်ကို ပြန်သွားဖို့အတွက် ပြီးတော့တိုင်းရင်းသားနဲ့တကွတော်လှန်ရေးအင်အားစုတွေတောင်းဆိုနေတဲ့ဖက်ဒရယ်စနစ်ပေါ်ပေါက်ရေးအတွက် ဆက်လက် လုပ်သွားမယ်ဆိုရင် ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို အရှိန်အဟုန်မြန်မြန်နဲ့ လျှော့ချနိုင်မယ်လို့ ယူဆတယ်။
မေး-လက်ရှိမှာ KNU နယ်မြေဒေသက ကျောင်းတွေ ကြုံနေရတဲ့ စိန်ခေါ်မှုတွေ၊ လိုအပ်ချက်တွေ အပေါ် ဘာပြောလိုပါသလဲ။
ဖြေ-ပထမတစ်ချက်ကပညာရေးနဲ့ ပညာရေးလုပ်သားတွေကို နိုင်ငံတကာ ဥပဒေအရ ကာကွယ်ပေး သလိုမျိုး ဒီဒေသမှာလည်း ပညာရေးနဲ့ပညာရေးလုပ်သားနဲ့ ကျောင်းတွေကို ကာကွယ်ပေးဖို့ အတွက်က ကျောင်းတွေကို ပစ်မှတ်ထားပြီးတော့တိုက်ခိုက်မှုတွေ မလုပ်ဖို့အဲဒါကိုတော့ ကျွန်တော်တို့ကတောင်းဆိုတယ်။ ကျွန်တော်တို့ လူတွေကိုလည်း ညွှန်ကြားတယ် ပြန်လည်ပြီးသတိပေးတယ်။အကြမ်းဖက်မလုပ်ဖို့ တစ်ဖက်ကပညာရေးလုပ်သားတွေကိုပစ်မှတ်မထားဖို့တော့ ခဏခဏသတိပြန်ပေးတယ်။နောက်တစ်ခုကပညာရေးမှာလည်းရန်သူမရှိရဘူးလေ။ဒါကြောင့်ပညာရေးကနေတစ်ဆင့်ငြိမ်းချမ်းရေးအထောက်အကူပြုစေမယ့်ဟာတွေ ဖြစ်ဖို့အတွက်လိုအပ်ပါတယ်။အခုကပညာရေးကြောင့်တစ်ဖက်နဲ့တစ်ဖက်ပိုပြီးတော့တင်းမာပိုပြီးတော့မှနားလည်မှုတွေမကောင်းလာအောင်လုပ်တဲ့အနေအထားမျိုး မဖြစ်သင့်၊မဖြစ်စေချင်တော့ဘူး။ နောက်တစ်ခုကလိုအပ်ချက်တွေက တဟုန်ထိုးများလာတဲ့ကလေးတွေ ကျောင်းသားတွေအတွက် ဆရာ၊ဆရာမမလုံလောက်မှုရယ်ကျောင်းဆောင်စာသင်ခန်းတွေ မလုံလောက်တာရယ်။ ပြီးတော့ များသောအားဖြင့် ကလေးတွေက ဘော်ဒါဆောင်မှာ လာနေရမယ့် ကလေးတွေ။ဘော်ဒါဆောင်လိုအပ်ချက်တွေစားနပ်ရိက္ခာတွေ ရေ မလုံလောက်မှုပေါ့နော် သန့်ရှင်းတဲ့ ရေသုံးနိုင်ဖို့ အများကြီး အခက်အခဲရှိတယ်။ နောက်တစ်ခုက ပြီးခဲ့တဲ့ နှစ်မှာကလေးတွေကကောင်းကောင်းစာမဖတ်ရဘူး ။ သူတို့လုပ်ရမယ့် အိမ်စာတို့ ဖတ်စာတို့အတွက် အချိန်မပေးနိုင်ဘူး။ တချို့ဒေသမှာ ညနေ ၅နာရီဆို မီးမထွန်းရ စာမဖတ်ရတာတွေ၅ နာရီ ထိုးပြီဆို တောထဲမှာပဲ သွားနေရတယ်။ အဲဒါတွေလည်း ကလေးတွေအတွက် အများကြီး ကသိကအောက် စိတ်ဖိစီးမှုတွေရှိတယ်။ အဲဒီခက်ခဲတဲ့အခြေအနေအောက်မှာပဲ သူတို့ ခဗျာ ကြိုးစားပြီးတော့မှ တစ်နှစ်ပြီးတစ်နှစ် အောင်ဖို့ ကြိုးစားတယ်။ အဲဒီအပေါ်မှာလည်း သက်ဆိုင်ရာ အဖွဲ့အစည်း သက်ဆိုင်ရာတပ်ဘက်ကလည်းကလေးတွေပညာရေးဝန်ဆောင်မှုပေးတဲ့သူတွေကိုနားလည်ပြီးတော့မှ ကာကွယ်ပေးဖို့ပြောလိုပါတယ်။
