●ခရိုင်အဆင့်ကွပ်ကဲရေးမှူးအဖြစ် စစ်ရေးအတွေ့အကြုံ ကျွမ်းကျင်မှုရှိသည့် တိုင်းရင်းသားတပ်ဖွဲ့မှ တာဝန်ယူထား
●တော်လှန်ရေးအင်အားစုများ သီးခြားစီရပ်တည်ပြီးရန်သူကိုရင်ဆိုင်ရန်မဖြစ်နိုင်၍ကွပ်ကဲမှုအောက်၌ပါဝင်ရန်လိုအပ်
ဒေသအလိုက် ခရိုင်အလိုက် စုစည်းမှု ကွပ်ကဲမှု၊ အားလုံးပါဝင်သည့် ဗျူဟာနှင့် စီမံချက်၊ ယင်းစီမံချက်ကိုအားလုံး ပူးပေါင်း လက်တွဲအကောင်ထည်ဖော် စသည့် နည်းလမ်းများဖြင့် စစ်ကောင်စီ အကြမ်းဖက် စစ်ကြောင်းများကို ချေမှုန်းနိုင်ရေး အထိ ရည်မှန်း ဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။
ယနေ့ ပြုလုပ်သည့် ပြည်သူလူထုနှင့် အမျိုးသားညီညွတ်ရေးအစိုးရ တွေ့ဆုံပွဲ၌ ကာကွယ်ရေးဝန်ကြီးက လက်ရှိ စစ်ရေးလိုအပ်ချက် အခြေအနေအပေါ် ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“အရေးကြီးတာကတော့ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ အဖွဲ့ငယ်လေးတွေအဖြစ် ကိုယ့်အဖွဲ့နဲ့ ကိုယ် ရပ်တည်ပြီး သီးခြားစီ ကိုယ့်အစီအစဉ်နဲ့ကိုယ် ရန်သူကို တိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ တကွဲတပြားစီ အလုပ်လုပ်လို့မရတော့ဘူး။ ဒီအချိန်မှာအရေးကြီးဆုံးက တော်လှန်ရေးအင်အားစု အားလုံး ပြန်ပြီးတော့မှ စုစည်းပြီး ဒေသအလိုက် ကွပ်ကဲမှု တည်ဆောက်ကြရမယ်။ ဒီကွပ်ကဲမှု အောက်မှာ အားလုံးပါဝင်ပြီးတော့ ဒေသအလိုက် ဗျူဟာနဲ့ စီမံချက်တွေ ရေးဆွဲကြရမယ်” ကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။
ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် ယခင်က စစ်ကောင်စီတပ်ကို ပြောက်ကျားနည်းဖြင့် ရင်ဆိုင်ခဲ့သော်လည်း လက်ရှိတွင် လိုအပ်ရင် ရင်ဆိုင်တိုက်ပွဲဆင်နွှဲပြီး ရန်သူ့စစ်ကြောင်း ရန်သူ့တပ်ကို ချေမှုန်းနိုင်သည့် အစွမ်းအစရှိနေပြီဖြစ်သည်ဟု ဝန်ကြီးက ပြောသည်။
“ရှေ့ဆက်ပြီးတော့ လုပ်ရမှာက တော်လှန်ရေးအင်အားစုအားလုံးရဲ့ သွေးစည်းညီညွတ်မှု ရရှိရေးပဲ” ဟု ၎င်းက ဆိုသည်။
အမိန့်ပေး ကွပ်ကဲမှု စနစ် ပိုမို ကောင်းမွန်ရေး လိုအပ်ကြောင်း၊ စစ်ဒေသအဆင့် ကွပ်ကဲမှု တည်ဆောက်လျက်ရှိရာ လက်ရှိတွင် အတိုင်းအတာ တစ်ခုအထိ ကွပ်ကဲနိုင်စွမ်းရှိသည့် အခြေအနေ ရောက်ရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးက အသိပေးသည်။
“မြေပြင်နဲ့ အနီးကပ်ဆုံးဖြစ်တဲ့ မြေပြင်လှုပ်ရှားမှုတွေကို အနီးကပ် စီမံကွပ်ကဲဆောင်ရွက်နိုင်ဖို့ အတွက်ခရိုင်အလိုက် ကွပ်ကဲမှုကို ဒါကို အခုအချိန်မှာ အား စိုက်ဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။
ခရိုင်အဆင့် ကွပ်ကဲမှု တည်ဆောက်ရာတွင်ခရိုင်ကွပ်ကဲရေးမှူး၊ စစ်ရေးအတွေ့အကြုံကျွမ်းကျင်မှုရှိသည့်မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များကတာဝန်ယူသည်ကများကြောင်း ၎င်းကဆက်ပြောသည်။
“စစ်ဒေသ(၁) စစ်ကိုင်းတိုင်းဆိုရင် ခရိုင်အားလုံးနီးပါးမှာ စစ်ဒေသ ကွပ်ကဲမှုရော ခရိုင်အဆင့် ကွပ်ကဲမှုရော ကျွန်တော်တို့ တည်ဆောက်နိုင်ခဲ့ပြီ။ ခရိုင် ကွပ်ကဲရေးမှူးရှိမယ် ခရိုင်ကွပ်ပဲရေးအဖွဲ့ရှိမယ်။ ခရိုင် ကွပ်ကဲရေး အဖွဲ့မှာ တော်လှန်ရေးအင်အားစု အားလုံး ပါဝင်နိုင်ရေးအတွက် လမ်းဖွင့်ဆောင်ရွက်လျက်ရှိပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးက ပြောသည်။
PDF အထူးတပ်ရင်း၊ အထူးစစ်ကြောင်း၊ မြို့နယ်များကို အခြေခံပြီး ဖွဲ့စည်းသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဒေသကာကွယ်ရေးတပ်(LDF)များ ကို စုပေါင်းပြီး ခရိုင်ကွဲကဲရေးအဖွဲ့ တည်ဆောက်နိုင်ရေး ဆောင်ရွက်နေသည်ဟု ဆိုသည်။ LDFများအနေဖြင့် ခရိုင်ကွပ်ကဲရေး တွင် ပါဝင်ပါက လိုအပ်သည့် ထောက်ပံ့ကူညီမှု ၊လိုအပ်သည့် လက်နက်တပ်ဆင်မှုများ ပြုလုပ်သွားရန်ရှိသည်ဟု ရှင်းပြသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည်လူမဆန်သည့်အကြမ်းဖက်မှုများကို တောက်လျှောက်ကျူးလွန်နေပြီး စစ်ကော်စီအနေဖြင့် အကြမ်းဖက် ရာဇဝတ်ဂိုဏ်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီဖြစ်ကြောင်းဝန်ကြီး ဦးရည်မွန်ကပြောသည်။
“ဒီလို လူမဆန်တဲ့အလုပ်တွေ သူဘာကြောင့် ကျူးလွန်သလဲ။သေချာတယ် သူ့မှာ တခြားလုပ်စရာ မရှိတော့ဘူး။ ပြောမယ်ဆိုရင် ဒါက သူ့ရဲ့ နောက်ဆုံးနည်းလမ်း နောက်ဆုံးထွက်ပေါက်လို့ စဉ်းစားပြီး လုပ်ဆောင်နေတာ။ စစ်ကောင်စီမှာ ပြည်သူကို အကြမ်းမဖက်ဘဲနဲ့ အခြားနည်းလမ်းနဲ့တော်လှန်ရေးကို ရင်ဆိုင်ဖို့ သူ့မှာ နည်းလမ်းမရှိတော့ဘူး။ဒီအတွက်ဒီလိုလူမဆန်တဲ့ကိစ္စတွေကျူးလွန်နေတယ်ဆိုတာထင်ရှားတယ်” ဟု ဝန်ကြီးဦးရည်မွန်က ပြောသည်။
စစ်ကောင်စီအနေနဲ့ အင်အားရာချီသည့် စစ်ကြောင်းများ ဖွဲ့၊ လက်နက်ကြီးများ သုံးပြီး စစ်အာဏာရှင် အုပ်စိုးမှုကိုလုံး၀လက်မခံသည့် ကျေးရွာများကို ပိုက်စိပ်တိုက် မီးရှို့၊ ပြည်သူများကို လူမဆန်သည့်နည်းများဖြင့်သတ်ဖြတ်နေကြောင်း ၎င်းက ရှင်းပြသည်။
“အရေးကြီးတာကတော့ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ အဖွဲ့ငယ်လေးတွေအဖြစ် ကိုယ့်အဖွဲ့နဲ့ ကိုယ် ရပ်တည်ပြီး သီးခြားစီ ကိုယ့်အစီအစဉ်နဲ့ကိုယ် ရန်သူကို တိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ တကွဲတပြားစီ အလုပ်လုပ်လို့မရတော့ဘူး။ ဒီအချိန်မှာအရေးကြီးဆုံးက တော်လှန်ရေးအင်အားစု အားလုံး ပြန်ပြီးတော့မှ စုစည်းပြီး ဒေသအလိုက် ကွပ်ကဲမှု တည်ဆောက်ကြရမယ်။ ဒီကွပ်ကဲမှု အောက်မှာ အားလုံးပါဝင်ပြီးတော့ ဒေသအလိုက် ဗျူဟာနဲ့ စီမံချက်တွေ ရေးဆွဲကြရမယ်။ပြီးရင် ဒီစုဖွဲ့မှုမှာ ပါဝင်တဲ့အင်အားစုတွေအားလုံး ကိုယ့်တာဝန် ကိုယ်ခွဲဝေပြီးတော့မှ ကိုယ့်ဒေသအလိုက် ရေးဆွဲထားတဲ့ စီမံချက်ကို စုပေါင်း အကောင်အထည်ဖော်သွားကြရမှာ ဖြစ်တယ်။ ဒီအလုပ်က လက်ရှိ စစ်မြေပြင်ရဲ့တောင်းဆိုမှု လို့ ပြောလို့ရတယ်။ ဒီအလုပ်ကို ကျွန်တော်တို့ လုပ်နိုင်သလား မလုပ်နိုင်ဘူးလားဆိုတာက ဒီတော်လှန်ရေးရဲ့ အနှေးနဲ့အမြန်ကို အဆုံးအဖြတ်ပေးလိမ့်မယ်လို့ မှတ်ယူတယ်” ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။
